တရုတ်၏လူ့အခွင့်အရေးချိုးဖောက်မှုများက တိဗက်များ ကိုယ့်ကိုယ်ကိုယ်မီးရှို့ မှုကို ဖြစ်စေ

တရုတ်၏လူ့အခွင့်အရေးချိုးဖောက်မှုများက တိဗက်များ ကိုယ့်ကိုယ်ကိုယ်မီးရှို့ မှုကို ဖြစ်စေ

တိဗက်လူမျိုးများသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ မူဝါဒများအောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေရသောကြောင့် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကိုယ့်ကိုယ်ကိုယ် မီးရှို့ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ဟု ခံစားနေရကြရကြောင်း Tibet Rights Collective သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

တရုတ်တို့သိမ်းပိုက်ထားသော တိဗက်ဒေသတွင် ၂၀၂၂ ခုနှစ်၌ ကိုယ့်ကိုယ်ကိုယ်မီးရှို့သည့် ဖြစ်စဉ် ၃ ခုဖြစ်ပွားခဲ့ပြီး ဆန္ဒပြသည့် နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ကိုယ်ကိုယ်မီးရှို့သည့် ဖြစ်စဉ်များ တစ်ဖန်ပေါ်ပေါက် လာခြင်းကို ပြသခြင်းဖြစ်ကြောင်း Tibet Rights Collective က ဖော်ပြသည်။

အထူးသဖြင့် တရုတ်သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်သည် တိဗက်ဗုဒ္ဓဘာသာနှင့် အဆောက်အအုံများကို တရုတ်လက္ခဏာအသွင်ပြောင်းရန် ရည်ရွယ်သည့် ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာများကို ကျင့်သုံးနေပြီး တရုတ်က ယင်းလုပ်ဆောင်ချက်ကို ခေတ်မီပြီး ဆိုရှယ်လစ်ဆန်သော ယဉ်ကျေးမှုအရ တိုးတက်လာသော တိဗက်ဟု ခေါ်ဆိုခဲ့ကြသည်။

နည်းဗျူဟာ၏ နောက်ဆုံးရလဒ်အဖြစ် တိဗက်သည် ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဝိသေသလက္ခဏာ၊ ရိုးရာနှင့် ဘာသာကို နှုတ်ယူသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရရှိလိုက်သည်။

“တိဗက်ရွှေ့ပြောင်းတွေဟာ တရားမဝင်သတ္တုတူးဖော်မှုအတွက် ရွှေ့ပြောင်းခံနေရတယ်ဆိုတာ မမေ့ကြပါနဲ့။ တိဗက်ကုန်းပြင်မြင့်က အဖိုးတန်ရေကိုလည်း တရုတ်က ဗိုလ်ကျပြီး သိမ်းပိုက်ထားပါတယ်။ နောက်ဆုံးအနေနဲ့ စစ်တပ်တွေ တပ်ဖြန့်ချထားပြီး နယ်စပ်ဥပဒေတွေ ထုတ်ပြန်ပြီးတော့ တိဗက်ကို စောင့်ကြည့်နေတဲ့ သမ္မတရှီဟာ တိဗက်ကို နိဂုံးချုပ်သွားအောင်လုပ်နေပါတယ်” ဟု သတင်း၌ဖော်ပြထားသည်။

ယင်းလုပ်ရပ်များကို စိတ်ပျက်လာသည့်နှင့်အမျှ တိဗက်လူမျိုးများသည် ဆန္ဒပြလက်နက်အဖြစ် မိမိကိုယ်ကို မီးရှို့ခြင်းများ ပြန်လည်လုပ်ဆောင်လာကြသည်။

“လူသားတိုင်းတွင် ပေါက်ကွဲနိုင်သည့် အတိုင်းအတာတစ်ခုရှိကြသည်။ တိဗက်များ၏ ပေါက်ကွဲမှုမှာ ကိုယ့်ကိုယ်ကို မီးရှို့ခြင်းဖြစ်သည်။ ရှီ၏ မူဝါဒများက အချို့သောတိဗက်များကို ထိုအမှတ်ထိရောက်အောင် တွန်းအားပေးနေကာ တိဗက်များသည် ကိုယ့်ကိုယ်ကို မီးရှို့ရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ဟု ခံစားလာကြရသည်။ ထိတ်လန့်စရာဖြစ်ရပ်ကို လုပ်ဆောင်သည့် တိဗက်လူမျိုးများကို အပြစ်ဖို့ပါက မှားပေလိမ့်မည်။ တကယ်တမ်းအပြစ်တင်ထိုက်သူမှာ တရုတ်နိုင်ငံနှင့် ရှီကျင့်ဖျင်သာဖြစ်သည်ဟု Tibet Rights Collective ၌ ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly