ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၄ စင်း ဝင်ရောက်

ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၄ စင်း ဝင်ရောက်

ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ တရုတ်စစ်လေယာဉ် ၄ စင်း ဧပြီလ ၈ရက် ဝင်ရောက်ခဲ့သည်။

အဆိုပါ လေယာဉ်များမှာ Shenyang J-11 တိုက်လေယာဉ်၊ Shaanxi Y-8 EW အီလက်ထရွန်နစ် တိုက်လေ ယာဉ်၊ ထိုင်ဝမ်အနီး ရှားရှားပါးပါး ပေါ်လာသည့် CAIC WZ-10 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ရုရှားလုပ် Mi-17 ကုန်တင်ရဟတ်ယာဉ်များဖြစ်ကြောင်း Taiwan News သတင်းက ဖော်ပြခဲ့သည်။

ထိုင်ဝမ် ADIZ ၏ အနောက်တောင်ဘက်မှ ပေါ်လာသည့် လေယာဉ်များကို ယင်းဧရိယာမှ ထွက်ခွာသွားရန် သတိပေးခဲ့သည်။ လေယာဉ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် စနစ်များ တပ်ဆင်ထားကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၈ရက်က ADIZ အတွင်းသို့ တရုတ်လေယာဉ်များ ဝင်ရောက်လာခြင်းသည် ယခုလအတွင်း ၇ ကြိမ်မြောက် ဝင်ရောက်လာခြင်း ဖြစ်သည်။

ကျူးကျော်ဝင်ရောက်မှုသည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးတပ်များကို လက်ပန်းကျသွားစေရန် တရုတ်၏ ကြိုးပမ်းမှုအဖြစ် ယူဆထားကြောင်း Taiwan News သတင်းက ဖော်ပြခဲ့သည်။

ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ်များ ပုံမှန် ဝင်ရောက် လာလေ့ရှိရာတွင် အဆိုပါဧရိယာအတွင်းသို့ ဝင်ရောက်လာသည့် မည်သည့်လေယာဉ်မဆို ယင်း၏ လမ်းကြောင်းနှင့် ရည်ရွယ်ချက်ကို အိမ်ရှင်နိုင်ငံသို့ သတင်းပို့ရမည်ဖြစ်သည်။

လေကြောင်းကာကွယ်ရေးဇုန်များကို နိုင်ငံတကာ လေပိုင်နက်အဖြစ် သတ်မှတ်ထားသော်လည်း လေယာဉ်မှူး များအား ယင်းကဲ့သို့ အသိပေးအကြောင်းကြားရန် တရားဝင်သတ်မှတ်ထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly