COVID-19 က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ရှိနေဆဲဟု WHO ပြော 

COVID-19 က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ရှိနေဆဲဟု WHO ပြော 
Photo - AFP

ဧပြီ ၁၄

ကိုရိုနာဗိုင်းရပ်စ်သည် အဓိက အများပြည်သူ ကျန်းမာရေးအန္တရာယ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း COVID-19 ဆိုင်ရာ WHO အရေးပေါ်ကော်မတီက တစ်ညီတစ်ညွတ်တည်း အတည်ပြုပြီး နိုင်ငံများအနေဖြင့် ကာကွယ်တားဆီးခြင်းများအား လျှော့ချနေခြင်းကို ရပ်သင့်ကြောင်း အလေးအနက်ထား ပြောသည်။ 

နိုင်ငံများစွာသည် အများပြည်သူကျန်းမာရေးနှင့် လူမှုရေးရာ လုပ်ငန်းစဉ်များကို လျှော့ချနေပြီး ဗိုင်းရပ်စ် စမ်းသပ်ခြင်းများကိုလည်း များများစားစား လျှော့ချနေလျက် ရှိချိန်တွင် WHO ၏ ပညာရှင်အုပ်စုက ကပ်ဘေးသည် အဆုံးသတ်ရန် များစွာ ဝေးလွန်းသေးသည်ဟု ဆိုလာခြင်းပဲ ဖြစ်သည်။ 

“ကျွန်တော်တို့တွေရဲ့ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေကို လျှော့ချနေတာဟာ အခုအချိန်က အချိန်မသင့်သေးပါဘူး၊ မလုပ်သင့်သေးဘူးလို့ အလွန်လေးနက်စွာ ပြောလိုပါတယ်”ဟု ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒီဒီယာ ဟူဆင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“COVID-19 ကပ်ဘေးနဲ့ ပတ်သက်ရင် ပြီးဆုံးခဲ့ပြီဆိုတာဟာ ဝေးလွန်းတဲ့ အခြေအနေမှာ ရှိနေပါတယ်၊ ဗိုင်းရပ်စ် ပြန့်နှံ့မှုဟာလည်း အတော်လေး ဆိုးဝါးစွာ ရှိနေတုန်းပဲ၊ သေဆုံးနှုန်းလည်း မြင့်တက်နေပါတယ်၊ ဗိုင်းရပ်စ်ဟာ မခန့်မှန်းတဲ့ လမ်းကြောင်းကနေ အဆင့်ဆင့် ပြောင်းလဲနေတယ်”ဟု ပြင်သစ်နိုင်ငံက ဆရာဝန်တစ်ဦးဖြစ်သည့် ဟူဆင်က သတိပေးသည်။ 

“ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဖြေလျှော့တာတွေအတွက် အချိန်မတန်သေးဘူး၊ စောင့်ကြည့်တာတွေ၊ စမ်းသပ်တာတွေနဲ့ သတင်းတင်ဆက်တာတွေလည်း အားနည်းလို့ မရသေးပါ၊ အများပြည်သူ လူမှုကျန်းမာရေး လုပ်ငန်းစဉ်တွေမှာလည်း ဖြေလျှော့တာမျိုးအတွက် မလုပ်သင့်သေးပါဘူး၊ ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်ပြီး လျော့ရဲလို့လည်း မဖြစ်သေးတဲ့ အချိန်အခါပါ”ဟု ၎င်းက ပြောသည်။ 

ကော်မတီသည် ကပ်ဘေးနှင့် ပတ်သက်ပြီး သုံးလတစ်ခါ တွေ့ဆုံစည်းဝေးကာ WHO အကြီးအကဲ တက်ဒရော့စ် အက်ဟန်နွမ် ဂျီဘရီယေဆက်စ်အား အစီရင်ခံစာ တင်ပြရခြင်း ဖြစ်သည်။ 

ကပ်ဘေးသည် ‘နိုင်ငံတကာ စိုးရိမ်ပူပန်စဖွယ် အများပြည်သူ ကျန်းမာရေး အရေးပေါ် အခြေအနေ’ (PHEIC) အဖြစ် ရှိနေဆဲပဲဟု ကော်မတီ၏ အစီရင်ခံစာတွင် ကောက်ချက်ချထားသည်။ PHEIC အဆင့်သည် WHO အနေဖြင့် တပ်လှန့်ချက် ထုတ်နိုင်သော အမြင့်ဆုံးအဆင့်ပဲ ဖြစ်သည်။ 

ကော်မတီသည် COVID-19 ကူးစက်ပြန့်နှံ့မှုကို PHEIC အဆင့်အဖြစ် ၂၀၂၀ ဇန်နဝါရီ ၃၀ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်က တရုတ်ပြင်ဘက်သို့ ဗိုင်းရပ်စ်ပြန့်နှံ့ပြီး လူ ၁၀၀ အောက်သာ ကူးစက်သေးကာ သေဆုံးမှုလည်း မရှိသေးချိန် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly