မန္တလေးမြို့၏သင်္ကြန်အကျနေ့တွင် ရေပက်ကစားသူမရှိဘဲ လမ်းမများတွင် လူသူကင်းမဲ့နေ

14 April 2022
မန္တလေးမြို့၏သင်္ကြန်အကျနေ့တွင် ရေပက်ကစားသူမရှိဘဲ လမ်းမများတွင် လူသူကင်းမဲ့နေ

ဧပြီ ၁၄

မန္တလေးမြို့၏ သင်္ကြန်အကျနေ့မြင်ကွင်းများသည် လူသူကင်းမဲ့နေပြီး ရေပက်ကစားသူ လုံးဝမရှိသ လောက်အခြေအနေဖြစ်နေသည်ကို ယနေ့နံနက်ပိုင်းက တွေ့ခဲ့ရသည်။

“စစ်တပ်ကို ဘယ်လောက်နာကျည်းတယ်၊ ဘယ်လိုမှလက်မခံဘူးဆိုတာကို ပြသလိုက်တဲ့ပွဲလို့ပဲ ကျွန် တော်တို့က မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မန္တလေးမြို့ကြီးက လုံးဝကိုခြောက်ကပ်နေတယ်။ သင်္ကြန်မတိုင်ခင်တုန်းက အမြင်ကပ်လောက်အောင်သွားလာနေကြသူတွေ အခု ဘယ်ပျောက်သွားလဲ၊ တကယ်ကိုအံ့သြလောက်ရတဲ့မန္တလေး၊ တော်လှန်ရေးစိတ်ဓာတ် တအားပြင်းထန်တဲ့ ကျွန်တော်တို့ ပြည်သူတွေဗျာ” ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ကစတင်ခဲ့သည့် ယခုနှစ်သင်္ကြန်ပွဲတွင် မန္တလေးမြို့ခံများမပါဝင်မဆင်နွှဲခဲ့ကြသလို ယနေ့သင်္ကြန် အကျနေ့တွင်လည်း ယမန်နေ့ကထက်ပင် လူသူကင်းမဲ့ခြောက်ကပ်နေသည်ကိုတွေ့ရသည်။

“အရင်တုန်းက နေ့လယ်နေ့ခင်းတွေမှာ ကားဆိုင်ကယ်ရပ်နားစရာနေရာမရှိလောက်အောင်အထိဖြစ်ခဲ့တဲ့ ကျုံးတောင်ဘက်ခြမ်းက တောင်မြောက်လမ်းတွေမှာရော အရှေ့အနောက်လမ်းတွေမှာရော လူတစ်စု တစ်ဖွဲ့လောက်သာ စက်ရုပ်တွေလိုသွားလာနေတာတွေ့ရတယ်။ မန္တလေးတစ်မြို့လုံး ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာပတ်ကြည့် ရေကစားသူလုံးဝမရှိသလောက်ပဲ” ဟု မြို့ခံနောက်ထပ်တစ်ဦးကပြောသည်။

နိုင်ငံတည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း နိုင်ငံတကာကိုဝါဒဖြန့်ပြသချင်နေသည့် အာဏာသိမ်း စစ်ကောင်စီသည် ယခုနှစ်သင်္ကြန်ပွဲစည်ကားရန် ပြီးခဲ့သည့်မတ်လနှောင်းပိုင်းကတည်းက နည်းလမ်း ပေါင်းစုံဖြင့် စီစဉ်ခဲ့သည်။

မန္တလေးမြို့၏ ယနေ့သင်္ကြန်အကျနေ့နံနက်ပိုင်းမြင်ကွင်းနှင့်အခြေအနေသည် ပြည်သူများ ပူးပေါင်းပါဝင် ခြင်းမရှိသည့်သင်္ကြန်ပွဲအဖြစ်မြင်တွေ့ခဲ့ရပြီး ကျုံးပတ်လည်တွင်လည်း စစ်ကောင်စီက လက်နက်ကိုင်များ ဖြင့် လုံခြုံရေးချထားသည်ကိုတွေ့ခဲ့ရသည်။

#Mizzima

#မန္တလေးသင်္ကြန်

#ရေပက်ကစားသူမရှိ

#တော်လှန်ရေးစိတ်ဓာတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly