အာဖဂန်နစ္စတန်နိုင်ငံတဝန်း ယမန်နှစ်က မြေမြှုပ်မိုင်းနှင့် လက်လုပ်မိုင်း ပေါက်ကွဲမှုများကြောင့် ကလေးအများစု အပါအဝင် လူပေါင်း ၁,၀၁၆ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း အာဖဂန် နိုင်ငံလုံးဆိုင်ရာ ကပ်ဘေး စီမံခန့်ခွဲမှု ဆိုင်ရာအာဏာပိုင်အဖွဲ့ (ANDMA) ၏ တာဝန်ရှိသူများက ပြောသည်။
ANDMA ၏ မိုင်းရှင်းလင်းရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှု တာဝန်ခံ ကာရီ နိုရူဒင် ရော့စ်တမ်ခဲလ်က ကဘူးလ်မြို့တွင် ဧပြီ ၇ ရက်က ကျင်းပသည့် မိုင်း အသိပညာပေးခြင်းနှင့် မိုင်းဆိုင်ရာ အကူအညီပေးမှု နိုင်ငံတကာနေ့ အထိမ်းအမှတ် အစည်းအဝေးတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု The Frontier Post က ဖော်ပြသည်။
နိုင်ငံတွင် လစဉ် ပျမ်းမျှ လူပေါင်း ၁၂၀ ခန့်သည် မြေမြှုပ်မိုင်းများနှင့် လက်လုပ်မိုင်းများကြောင့် သေဆုံး သို့မဟုတ် ဒဏ်ရာရနေခဲ့ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၇ လတာအတွင်း ပြည်နယ် ၂၀ ခု၌ စတုရန်း ကီလိုမီတာ ၂၀ ကျော်ရှိ မြေဧရိယာကို ရှင်းလင်းခဲ့ကြောင်း ၎င်းက ပြောသည်။
ယခင်နှစ် ၃၀ အတွင်း လူထိမိုင်းပေါင်း ၁,၂၆၀,၅၅၀ လုံး ၊ မပေါက်ကွဲသေးသော မိုင်းပေါင်း ၁၈,၃၅၁,၄၂၂ လုံး နှင့် လက်ပစ်ဗုံး ၁,၂၆၄ ခု တို့ကို ရှာတွေ့ထားခဲ့ပြီး အန္တရာယ်ကင်းအောင် လုပ်ထားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်ဟု The Frontier Post က ဖော်ပြသည်။
လက်ရှိတွင် နိုင်ငံ၌ မည်သည့် လုံခြုံရေး ပြဿနာမှ မရှိသည့်အတွက် မိုင်းရှင်းလင်းရေး အေဂျင်စီများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်သင့်သည်ဟု ANDMA ၏ ဒုတိယအကြီးအကဲ ရှာရာဖူဒင် မွတ်ဆလင်က ပြောသည်။