သီရိလင်္ကာ ပြည်သူတို့၏ စီးပွားရေးအကျပ်အတည်းကို အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များ ကူညီပေးနေ

သီရိလင်္ကာ ပြည်သူတို့၏ စီးပွားရေးအကျပ်အတည်းကို အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များ ကူညီပေးနေ

သီရိလင်္ကာနိုင်ငံအနေဖြင့် စီးပွားရေး အခက်အခဲကို ရင်ဆိုင်နေရသောကြောင့် အဆိုပါ နိုင်ငံရှိ အိန္ဒိယ လုပ်ငန်းရှင်များက စီးပွားဘက် လူမှုတာဝန်အစီအစဉ် (CSR) အရ ပြည်သူများ လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ဖြေရှင်းနိုင်ရန် အကူအညီပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

သီရိလင်္ကာနိုင်ငံရှိ စိန်ဖြတ်တောက်ရေးလုပ်ငန်းမှ စီမံညွှန်ကြားရေးမှူးဆန်ဂျေးဘိတ်ဒ်က အဆိုပါနိုင်ငံသည် အင်အားအသစ်ဖြင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

၁၉၉၉ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာကာ စိန်ဖြတ်လုပ်ငန်းကို ထူထောင်ထားသည့် ၎င်းက နိုင်ငံတွင်း အတက်အကျများစွာကို ကြုံတွေ့ခဲ့ရကြောင်း ပြောကြားသည်။

“ဒီနိုင်ငံအတွင်းမှာ စစ်ပွဲနဲ့ စီးပွားရေးအကျပ်အတည်းကို ကြုံတွေ့ရဖူးပါတယ်။ ကျွန်တော်ရဲ့ CSR လုပ်ငန်းစဉ်က နိုင်ငံတွင်းမှာ ဘယ်လိုအခက်အခဲပဲ ကြုံနေရသည်ဖြစ်စေ ပြည်သူကို အခြေပြု လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

သူ၏ လုပ်ငန်းမှ ဝန်ထမ်းများနှင့် ၎င်းတို့နှင့် ဆက်စပ်သည့်ရွာများမှ ပြည်သူများအတွက် စားနပ်ရိက္ခာအထုပ် ၁၅၀၀ ကို ပြင်ဆင်ထားပြီး တန်ချိန်အားဖြင့် ၂၀ ရှိကြောင်း ပြောကြားသည်။

“သီရိလင်္ကာက ပြည်သူတွေအတွက် အကူအညီတွေ အရေးပေါ်လိုနေပါတယ်။ လက်ရှိအခြေအနေကို ကူညီဖို့ စီးပွားရေးသမားအများအပြားက လုပ်ဆောင်နေကြပါပြီ” ဟု ဘိတ်ဒ်က ပြောကြားသည်။

မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးခြင်းအတွက် အိန္ဒိယအစိုးရကို ၎င်းက ချီးမွမ်းခဲ့သည်။

“အိန္ဒိယအစိုးရက သီရိလင်္ကာကို လက်ရှိအခြေအနေမှာ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးနေပါတယ်။ သီရိလင်္ကာဟာ အိန္ဒိယရဲ့ အကူအညီနဲ့ ဒီအခြေအနေကနေ မကြာမီ လွတ်မြောက်လာပါလိမ့်မယ်” ဟုလည်း ဘိတ်ဒ်က ပြောသည်။

အကူအညီများပေးခြင်းကြောင့် လုပ်ငန်းအဖွဲ့အစည်းများမှ ဝန်ထမ်းများက ၎င်းတို့၏ လုပ်ငန်းရှင်များကို ကျေးဇူးတင်လျက်ရှိကြသည်။

“ကျွန်တော် ဒီမှာလုပ်နေတာ ၄ နှစ်ရှိပြီ။ ဒီကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရလို့ ပျော်ရွင်၊ ဝမ်းမြောက်မိပါတယ်။ အခုလို ကူညီမှုတွေကြောင့် သီရိလင်္ကာမှာရှိတဲ့ အခြားလုပ်ငန်းတွေမှာလည်း စံနမူနာအနေနဲ့ တိုက်တွန်းနှိုးဆော်မှု ဖြစ်စေပါ လိမ့်မယ်” ဟု ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

သီရိလင်္ကာအနေဖြင့် အစားအစာနှင့် လောင်စာဆီ ရှားပါးမှုတို့အပြင် စီးပွားရေးအကျပ်အတည်းကို ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ စီးပွားရေးမှာလည်း တဟုန်ထိုး ကျဆင်းခဲ့သည်။

နိုင်ငံတွင်း နိုင်ငံခြားအရန်ငွေကြေးမှာလည်း နည်းပါးနေကာ စားနပ်ရိက္ခာနှင့် လောင်စာဆီ တင်သွင်းမှုတို့အပေါ် ထိခိုက်စေခဲ့ပြီး နိုင်ငံတွင်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။ အခြေခံစားသောက်ကုန်များ ရှားပါးလာခြင်းကြောင့် သီရိလင်္ကာအနေဖြင့် မိတ်ဆွေနိုင်များမှ အကူအညီများ တောင်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required