ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ရွာသို့ လွတ်လပ်ရေးရပြီး ၇၅ နှစ်အကြာတွင် ပထမဆုံးအကြိမ် လျှပ်စစ်မီး သွယ်တန်း

ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ရွာသို့ လွတ်လပ်ရေးရပြီး ၇၅ နှစ်အကြာတွင် ပထမဆုံးအကြိမ် လျှပ်စစ်မီး သွယ်တန်း

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်အကြာတွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဥဓမ်ပူရ်မြို့ရှိ ဆက်ဒယ်ကျေးရွာသို့ ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၆ ရက်က လျှပ်စစ်မီး သွယ်တန်းပေးနိုင်ခဲ့သည်။

ဗဟိုအစိုးရ၏ Untied Grants Scheme အစီအစဉ်အရ လျှပ်စစ်မီး ရရှိခဲ့ခြင်းကြောင့် ရွာသားများအနေဖြင့် ၎င်းတို့၏ ကလေးများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ရရှိရန် မျှော်လင့်ချက် မြင့်တက်လာကြသည်။

ယခင်က ညအချိန်အလင်းရောင်ရရန် ဖယောင်းတိုင်များနှင့် ရေနံဆီမီးအိမ်များကိုသာ အသုံးပြုခဲ့ရသောကြောင့် ရွာသားများအနေဖြင့် ကာလရှည်ကြာ မျှော်လင့်ချက်များ ပြည့်ဝလာသည့်အတွက် ယခုအခါ အလွန်ဝမ်းမြောက်နေကြပြီ ဖြစ်သည်။

ကလေးများကလည်း ဗဟိုအစိုးရ၊ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေးအဖွဲ့၊ ဥဓမ်ပူရ်နှင့် လျှပ်စစ်ဓာတ်အားဌာနသို့ ကျေးဇူးတင်လျက်ရှိသည်။

“ကျွန်တော်တို့ အခုဆိုရင် သက်တောင့်သက်သာနဲ့ စာဖတ်နိုင်ပါပြီ” ဟု ကျောင်းသားတစ်ဦးက ပြောသည်။ “အရင်က လျှပ်စစ်မီး မရှိခဲ့တဲ့အတွက် ကျွန်တော်တို့ ရေနံဆီမီးနဲ့ စာဖတ်ခဲ့ရတာကြောင့် ပိုပြီး ပျင်းစရာကောင်းခဲ့ပါတယ်” ဟု ၈ တန်းကျောင်းသား ပီယာဆင်းက ပြောသည်။

အသက် ၇၂ နှစ်အရွယ် ဘာဒရီနသ်ကလည်း “လျှပ်စစ်အစွမ်း အံ့မခန်းဖြစ်တာကို အရင်မျိုးဆက်တွေ မမြင်တွေ့ခဲ့ရဘူး။ အကြာကြီး မျှော်လင့်ခဲ့ရပြီး အခုအခါ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ ဌာနကို ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားသည်။

အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်မီးသွယ်တန်းပေးခဲ့သည့် ကုန်ကျစရိတ်မှာ ရူပီး ၁၀ ဒသမ ၂၈ သိန်း ရှိကြောင်း လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေးဌာန၏ အမှုဆောင်အင်ဂျင်နီယာက ANI သို့ ပြောကြားသည်။

“အစိုးရနဲ့ လက်ထောက်ကော်မရှင်နာတို့ရဲ့ လမ်းညွှန်ချက်အရ 25KVA ထရန်စဖော်မာတစ်လုံး တပ်ဆင်ပြီးနောက်မှာ နေအိမ် ၂၅ လုံးလောက်ကို လျှပ်စစ်မီး ပေးနိုင်ခဲ့ပါပြီ” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly