တရုတ်က ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်က ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံသည် အထူးသဖြင့် ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု ဧပြီ ၁၂ ရက်က ထုတ်ပြန်သည့် နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာ၌ ထည့်သွင်းပြောဆိုခဲ့သည်။

“တရုတ်သည် ရှင်ကျန်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေသည်" ဟု ဘလင်ကန်က အစီရင်ခံစာ၏တရုတ်နိုင်ငံဆိုင်ရာကဏ္ဍတွင် ဖော်ပြထားသည်။

အမေရိကန်က တရုတ်ကို အာဏာရှင်နိုင်ငံအဖြစ်လည်း တံဆိပ်ကပ်ထားသည်။ တရုတ်နိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီက အာဏာအပြည့်အဝရှိသည့် အာဏာရှင်နိုင်ငံဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်များ သည် ထိပ်တန်းအစိုးရပိုင်းနှင့် လုံခြုံရေးယန္တရားဆိုင်ရာ ရာထူးအားလုံးနီးပါးကို ဆုပ်ကိုင်ထားသည်ဟု ဆိုသည်။

လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများကို ရှင်ကျန်းရှိ မွတ်စလင် အများစုရှိသော ဝီဂါများနှင့် အခြားတိုင်းရင်းသား ဘာသာခြားလူနည်းစုဝင်များအပေါ် ကျူးလွန်ကြောင်း တွေ့ရှိထားသည်ဟု ၎င်းက ပြောသည်။

တရုတ်အစိုးရအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့များသည် ဒဏ်ခတ်မခံရဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြိမ်ဖန်များစွာ ကျူးလွန်ကြသည်ဟု အစီရင်ခံစာ၌ဆိုထားသည်။ “ရဲတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုတွေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ကြေညာပေမယ့် ရဲတွေရဲ့ မှားယွင်းမှု တွေ့ရှိချက်တွေ ဒါမှမဟုတ် စည်းမျဉ်းဆိုင်ရာအရေးယူမှုတွေကို မထုတ်ပြန်ခဲ့ပါဘူး။ အဂတိလိုက်စားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဆောင်ရွက်တာကလည်း ရှေ့နောက်ညီညွတ်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှု မရှိသလို အကျင့်ပျက်ခြစားမှုတွေလည်း များပြားနေပါတယ်” ဟု ဆိုသည်။

ရှင်ကျန်းတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိပြီး လူဦးရေ ၂၅ သန်းနေထိုင်သည့် အကြီးဆုံးပြည်နယ်ဖြစ်ကာ ၄၃ ရာခိုင်နှုန်းခန့်မှာ ဝီဂါလူမျိုးများဖြစ်သည်။

ဝီဂါတိုင်းရင်းသား ၁ သန်းခန့်သည် ပြန်လည်ပညာပေးရေးစခန်း ခေါ် ထိန်းသိမ်းရေးစခန်းများတွင် ရှိနေနိုင်သည်ဟု ကုလသမဂ္ဂမှ ကျွမ်းကျင်ပညာရှင်များက ပြောသည်။ မကြာသေးမီက ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မီချဲလ်ဘက်ချ်လက်သည် တရုတ်အစိုးရနှင့် သဘောတူညီမှု ရရှိပြီးနောက် ရှင်ကျန်းခရီးစဉ် အပါအဝင် မေလတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required