တရုတ်ကြွေးမြီထောင်ချောက်နှင့်ပတ်သက်၍ အမေရိကန်က ဘင်္ဂလားဒေ့ရှ်ကို သတိပေး

By India Bloom
13 April 2022
တရုတ်ကြွေးမြီထောင်ချောက်နှင့်ပတ်သက်၍ အမေရိကန်က ဘင်္ဂလားဒေ့ရှ်ကို သတိပေး

တရုတ်နိုင်ငံနှင့် မဆင်မခြင် ပတ်သက်မိခဲ့သော သီရိလင်္ကာကဲ့သို့သော နိုင်ငံများသည် ယခုအခါ တရုတ်ကြွေးမြီထောင်ချောက်ဒုက္ခကို ခံစားနေရသည်ဟု ဆိုကာ တရုတ်နိုင်ငံနှင့် စီးပွားရေး တိုးမြှင့်လာသော ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်က သတိပေးလိုက်ကြောင်း The Business Standard က ဖော်ပြသည်။

အမေရိကန်က ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်အား တရုတ်နိုင်ငံနှင့် ဝေးဝေးနေရန် ထပ်မံအကြံပြုခဲ့ပြီး အင်ဒို -ပစိဖိတ် မဟာဗျူဟာ၏ အထောက်အပံ့ကို အာမခံခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်က မဲမပေးဘဲ နေခဲ့ခြင်းကို ရည်ညွှန်းပြီး အမေရိကန်က အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုချမှတ်ရန်နှင့် အင်ဒိုပစိဖိတ်မဟာဗျူဟာ (IPS) ၏ အလားအလာကို အကဲဖြတ်ရန် ဘင်္ဂလားဒေ့ရှ်အား သတိပေးခဲ့ပြီး ဒေသတွင်း တရုတ်၏အပြုအမူသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အကျပ်ကိုင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်ကြာကျင်းပသည့် မြူးနစ်ညီလာခံ အစောပိုင်းတွင် အမေရိကန်နှင့် အိန္ဒိယတို့က ဘင်္ဂလားဒေ့ရှ်အား တရုတ်နိုင်ငံနှင့် ခပ်ခွာခွာနေရန်နှင့် အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ပါဝင်သော Quad အဖွဲ့ဆီသို့ ဦးလှည့်ရန် အကြံပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် Quad တွင် ပါဝင်ခြင်းသည် ဘင်္ဂလားဒေ့ရှ်-တရုတ် ဆက်ဆံရေးကို ဆိုးရွားစေသည်ဟု တရုတ်က ပြီးခဲ့သည့်နှစ်က သတိပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက ငွေကြေးအမြောက်အမြား အကူအညီပေးကြောင်း နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောခဲ့သည်ဟု The Business Standard က ဖော်ပြခဲ့သည်။

အမေရိကန်ကို ရည်ညွှန်းပြီး နိုင်ငံခြားရေးဝန်ကြီးက “ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်တွေဆီကနေ ရန်ပုံငွေ ပိုလိုပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ သူတို့က ရှုပ်ထွေးမှုတွေ အများကြီး ယူလာပြီး သူတို့ရဲ့ အဆိုပြုချက်တွေကို လက်ခံဖို့ ခက်ခဲလာပါတယ်” ဟု ဆိုသည်။

Observer Research Foundation ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၉ ဘဏ္ဍာနှစ်တွင် တရုတ်ထံမှ အသားတင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၉ ဘီလီယံ ရရှိခဲ့ပြီး တောင်အာရှတွင် အများဆုံးလက်ခံရရှိသူဖြစ်ခဲ့သည်။

ယခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်ပြီးလျှင် ခါးပတ်လမ်းရပ်ဝန်း (BRI) အောက်၌ တရုတ်ချေးငွေ ဒုတိယအများဆုံး လက်ခံထားသည့်နိုင်ငံဟု ယူဆရသည်။

တရုတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အရှိန်မြှင့်ခဲ့သည်ဟု သတင်းစာက ဖော်ပြသည်။

နှစ်နိုင်ငံ မိတ်ဖက်ပူးပေါင်းမှုအောက်၌ တရုတ်နိုင်ငံမှ ဒေါ်လာ ဘီလီယံ ၄၀ တန် ရင်းနှီးမြှုပ်နှံမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံရန်ရှိကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေးအတွက် နျူကလီးယား စက်ရုံတစ်ခု တည်ဆောက်ရန် အဆိုပြုထားကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly