တောင်တရုတ်ပင်လယ် ကျွန်း ၃ ကျွန်းပေါ်ရှိ တရုတ်အခြေစိုက်စခန်းများက ကမ်းခြေအနီးနိုင်ငံများကို ခြိမ်းခြောက်နေ

တောင်တရုတ်ပင်လယ် ကျွန်း ၃ ကျွန်းပေါ်ရှိ တရုတ်အခြေစိုက်စခန်းများက ကမ်းခြေအနီးနိုင်ငံများကို ခြိမ်းခြောက်နေ

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် ကျွန်းစုများတွင် စစ်အခြေစိုက်စခန်း ၃ ခု ထူထောင်ထားပြီး တိုက်လေယာဉ်များတပ်ဖြန့်ချထားရင်း သင်္ဘောဖျက်၊ လေယာဉ်ပစ် ဒုံးကျည်စနစ်များ၊ လေဆာနှင့် ဆက်သွယ်ရေးကိရိယာများတပ်ဆင်ထားမှုကြောင့် အနီးရှိနိုင်ငံများကို ခြိမ်းခြောက်လျက်ရှိသည်။

“တရုတ်က သူတို့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ အဆင့်မြှင့်တင်ပြီး စစ်လက်နက်ပစ္စည်းတွေ တိုးချဲ့တာဟာ ဒေသတွင်းကို ထိခိုက်စေမှာ သေချာပါတယ်" ဟု အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်စီအကွီလီနိုက ပြောသည်။

Mischief ၊ Subi နှင့် Fiery Cross သန္တာကျောက်တန်းတို့ပေါ်တွင် ဒုံးကျည်လက်နက်များ တပ်ဆင်ခြင်း၊ လေယာဉ်ထားသိုသည့် နေရာများ၊ စစ်ဘက်ဆိုင်ရာစနစ်များနှင့် အဆောက်အဦများ ထားရှိခြင်း ပြီးစီးသွားပုံရသော်လည်း တရုတ်က အိမ်နီးချင်းနယ်မြေများတွင် စစ်အခြေစိုက်စခန်းများ ဆောက်လုပ်ခြင်း ကို ထပ်မံလုပ်ဆောင်မည်လားဆိုသည်မှာ စောင့်ကြည့်ရမည့်ပုံပေါ်သည်ဟု အကွီနိုကပြောသည်။

ထို့ပြင် ကျွန်းစုများရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများသည် ဒေသတွင်းနှင့် အနီးနားရှိ နိုင်ငံတကာပင်လယ်နှင့် လေပိုင်နက်အားလုံးကို ခြိမ်းခြောက်လျက်ရှိသည်။

ဖေဖော်ဝါရီလ အစောပိုင်းက တရုတ်စစ်တပ်မှ ရွေ့လျားရေယာဉ်တစ်စင်းသည် ကမ်းရိုးတန်းပင်လယ်ပြင်ကိုကြည့်ရှုစစ်ဆေးနေရင်း သြစတြေးလျလေတပ်မှ လေယာဉ်တစ်စင်းကို လေဆာရောင်ခြည်ဖြင့် လှမ်းထိုးခဲ့သည်။

ယင်းဖြစ်ရပ်သည် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်းအနီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခြင်း မဟုတ်ဘဲ မြောက်ဘက်ကမ်းရိုးတန်းရှိ ဩစတြေးလျ၏ သီးသန့်စီးပွာရေးဇုန်အတွင်း အာရာဖိုရာပင်လယ်တွင် ဖြစ်ပွားခြင်းကြောင့် သြစတြေးလျ ကမ်းရိုးတန်းတွင် တရုတ်တို့၏ အနီးဆုံးစစ်ရေးခြိမ်းခြောက်မှုဖြစ်သည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၁၀ နှစ်နီးပါးက သန္တာကျောက်တန်းများပေါ်တွင် ကျွန်းအခြေစိုက်စခန်းများ တည်ဆောက်ခြင်းဖြင့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးတွင် ၎င်း၏ကြီးမားသော ပိုင်နက်ဆိုင်ရာ အခွင့်အာဏာကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့ကဲ့သို့ နိုင်ငံများသည် နှစ်စဉ် ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ထရီလီယံခန့်ကို ဖြတ်သန်းသယ်ယူနေသည့် ပင်လယ်ရေကြောင်း၏ တစ်စိတ်တစ်ပိုင်းကို တောင်းဆိုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly