ပူတာအိုမြို့နယ်တွင် မှိုစားသုံး၍ အစာအဆိပ်သင့်ပြီး ၄ ဦး သေဆုံး

By အဂမ် (ကချင်မြေ)
14 April 2022
ပူတာအိုမြို့နယ်တွင် မှိုစားသုံး၍ အစာအဆိပ်သင့်ပြီး ၄ ဦး သေဆုံး

ဧပြီ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယခုဧပြီလ လဆန်းပိုင်းအတွင်း မှိုစားသုံးမိ၍ အစာအဆိပ်သင့်ခြင်းကြောင့် သေဆုံးသူ လေးဦးအထိရှိကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

ပူတာအိုဒေသ၏ ‌ပုံမှန်မဟုတ်သောမိုးရွာချိန်တွင် ပေါက်သည့် မှိုများကို ချက်စားကြရာမှ ယခုကဲ့သို့ အစားအဆိပ်သင့်ကာ သေဆုံးလာရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ပူတာအိုဒေသ ဆာရ်ခွမ်ဒမ်းကျေးရွာတွင် လွန်ခဲ့ သော ဧပြီလ ၁၀ ရက်နေ့မှာ မှိုစားမိခဲ့သည့်အတွက် အစာအဆိပ်သင့်ကာ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဆာရ်ခွမ်‌ဒမ်းကျေးရွာခံတစ်ဦးက ပြောပြသည်။

"ကလေး နှစ်ယောက်က အဆိပ်ရှိတဲ့မှိုမှန်းမသိဘဲ ခူးလာ‌တော့ အမေကချက်ပေးလိုက်တယ်။အဖေဖြစ်သူက မစားမိတော့ဘာမှမဖြစ်ဘူး။မှိုစားမိတဲ့ သားအမိ သုံးယောက်စလုံးဆေးရုံတင်ထားတာ၊ကလေး​တွေကတော့ ဧပြီလ ၁၀ ရက်နေ့မှာဆုံးသွားပါပြီဗျာ"ဟု ဆာရ်ခွမ်ဒမ်းကျေးရွာက ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့မှာလည်း ပူတာအိုမြို့ ဖိုင်ခိုင်ကျေးရွာနေ ဦးဂျိုးဇက်နောဆီဒွေ့ သည် မှို အဆိပ်သင့်ရာမှ ထပ်မံ သေဆုံးသွားခဲ့ရပြန် သည်။

သေဆုံးသူ ဦးဂျိုးဇက်နောဆီဒွေ့ မိသားစုသည်

လယ်တောထဲ၌ အလုပ်လုပ်နေစဉ် ဦးဂျိုးဇက်နောဆီဒွေ့ ၏ ယောက္ခမ ဖြစ်‌သူ ဒေါ်မာတားညီဆီးရဲ့ ကောက်ခဲ့သော မှိုအချို့ကို ချက်စားမိရာမှ မိသားစု လေးဦးတွင် မှိုအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။

မှိုအဆိပ်သင့်ပြီးနောက်နေ့ ဧပြီလ ၉ ရက်နေ့တွင် ဦးဂျိုးဇက်နောဆီဒွေ့၏ ယောက္ခမဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်မာတားညီဆီးရဲ့ သေဆုံးခဲ့ရပြီး၊ ကျန်ရှိနေသော မိသားစု သုံးဦးကို ပူတာအိုမြို့ တပ်ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

ဆေးရုံတွင်ဆေးကုသမှု ခံယူနေစဉ် ကလေးနှစ်ဦးမှာ ပြန်လည်သက်သာ ကောင်းမွန်ခဲ့ပြီဖြစ်သော်လည်း ဖခင်ဖြစ်သူ ဦးဂျိုးဇက်နောဆီဒွေ့ သည် ယနေ့မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

ဆရာဝန်များ၏ပြောကြားချက်အရ ပူတာအိုဒေသ၏ ပုံမှန်မဟုတ်သောမိုးရွာချိန်တွင်‌ ပေါက်သည့် မှိုများသည် အဆိပ်သင့်နိုင်သည်ဖြစ်၍ ယခုရာသီဥတုတွင် မှိုများကိုမစားကြရန် သတိပေးပြောကြားထားသည်။

ပူတာအိုဒေသတွင် အဆိပ်ရှိနိုင်သည့်မှိုအများအ ပြား ပေါက်ရောက်နေခြင်းကြောင့် သတိထားကြရန် ပူတာအိုဒေသခံများကို ရွာလူကြီးများက တိုက်တွန်းထားကြသည်။

#Mizzima

#ကချင်ပြည်နယ်

#ပူတာအိုမြို့နယ်

#မှိုစားသုံးခြင်း

#အစာအဆိပ်သင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly