စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ၅ ရာခိုင်နှုန်း ရရှိရေး တရုတ် အခက်အခဲနှင့်ရင်ဆိုင်နေရ

စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ၅ ရာခိုင်နှုန်း ရရှိရေး တရုတ် အခက်အခဲနှင့်ရင်ဆိုင်နေရ

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်က အတည်ပြုထားသည့် ၂၀၂၂ ခုနှစ်အတွက် လျာထားသော GDP (ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ) တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းရရှိရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ Global Times က ဧပြီ ၁၀ ရက်က ဖော်ပြခဲ့သည်။

တရုတ်သည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏ GDP ကို နှစ် ၃၀ ကျော်အတွင်း အနိမ့်ဆုံးဖြစ်သည့် ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာရန် မျှော်မှန်းထားကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့သည်။ တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် GDP တိုးတက်မှု ရည်မှန်းချက်သည် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သော ၈ ဒသမ ၁ ရာခိုင်နှုန်းထက် သိသိသာသာ နိမ့်ကျနေသည်။

တရုတ်နိုင်ငံသည် လူမှုရေးတည်ငြိမ်မှုရရှိရန် သန်းပေါင်း ဆယ်နှင့်ချီသော တရုတ်လုပ်သားများနှင့် ကောလိပ်ဘွဲ့ရများအတွက် လုံလောက်သော အလုပ်အကိုင်အခွင့်အလမ်းများပေးရန် ပိုမိုလျင်မြန်သော စီးပွားရေးတိုးတက်မှုနှုန်း လိုအပ်သည်ဟု ဧပြီ ၁၀ ရက်က ထုတ်ဝေသည့် Global Times အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

“၂၀၂၂ ခုနှစ်မှာ သတ်မှတ်ထားတဲ့ GDP (ပြည်တွင်းအသားတင်ထုတ်ကုန်) တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ရရှိဖို့ဟာ တရုတ်နိုင်ငံအတွက် ပိုခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်လာနေပါတယ်။ ဒီလျာထားချက်ဟာ မတ်လအစောပိုင်းက ထိပ်တန်းဥပဒေပြုလွှတ်တော် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) က စီစဉ်ပြီး အတည်ပြုခဲ့တာပါ” ဟု အယ်ဒီတာ့အာဘော်က ဆိုသည်။

ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို နှိမ်နင်းရေးဟူသော မဆုတ်မနစ်သော ကတိကဝတ်များက ၎င်း၏ကြီးမားကျယ်ပြန့်သောစီးပွားရေးကို ခြိမ်းခြောက်လာသည်ဟု CNN က ဖော်ပြသည်။ တင်းကျပ်သော အစီအမံများက ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များနှင့် လောင်စာဆီဈေးနှုန်း ဖောင်းပွမှုတို့ကို ပိုမိုဆိုးရွားစေခဲ့သည်။

ရှန်ဟိုင်းတွင် ရောဂါကူးစက်မှုမြင့်တက်လာခြင်းက ကိုဗစ်လုံးဝကင်းစင်ရေးနှင့် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းဟူသော ဖြစ်ရပ် ၂ ခုအကြားတွင် ရှောင်ရှားနိုင်သော အနေအထားမရှိကြောင်း ထိပ်ပိုင်းခေါင်းဆောင်များကို ယုံကြည်စေခဲ့သည်။ ယခုအချိန်မှစပြီး အသွားအလာပိတ်ဆို့မှု ခပ်သွက်သွက်လုပ်ဆောင်ခြင်းသည် အောင်မြင်သည့်မဟာဗျူဟာဖြစ်နိုင်ကြောင်း Macquarie Greater China မှ စီးပွားရေးပညာရှင်အကြီးအကဲ လယ်ရီဟူက သုတေသနအစီရင်ခံစာတစ်ခု၌ ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly