ပဲရစ်မြို့တရုတ်သံရုံးရှေ့၌ တိဗက်လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြ

ပဲရစ်မြို့တရုတ်သံရုံးရှေ့၌ တိဗက်လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြ

ပြင်သစ်ရှိ လွတ်လပ်သောတိဗက်ကျောင်းသားများအဖွဲ့ (SFT-France) နှင့် အခြားတိဗက်အဖွဲ့အစည်း ၅ ဖွဲ့သည် မတ်လက တိဗက်၌ဖြစ်ပွားခဲ့သော ကိုယ့်ကိုယ်ကိုယ်မီးရှို့သည့် ဖြစ်ရပ် ၃ ခုအတွက် ဧပြီ ၉ ရက်က ပဲရစ်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ကန့်ကွက်ရန် ပြီးခဲ့သည့်လက မိမိကိုယ်ကို မီးရှို့သတ်သေခဲ့ကြသည့် တိဗက်လူမျိုး ၃ ဦး၏ ဓာတ်ပုံများကို ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြပြီး တိဗက်လူမျိုးများအားဖိနှိပ်မှုကို ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

တရုတ် ၏အုပ်ချုပ်မှုအောက်မှ တိဗက်လွတ်မြောက်ရေးကိုတောင်းဆိုရန် တရုတ်သံရုံးအပြင်ဘက်တွင် စုဝေးခဲ့ကြသည်ဟု SFT-France ဥက္ကဋ္ဌ ဒွန်ဒပ်ဆာဝါက ဆန္ဒပြပွဲ၌ ပြောကြားခဲ့သည်။

မတ်လ ၂၇ ရက်က အသက် ၈၁ နှစ်အရွယ် အဘိုးအိုတစ်ဦးသည် နာဘာကောင်တီ ကာတီဘုန်းကြီးကျောင်းအနီး အပြင်ဘက်ရှိ ရဲစခန်းရှေ့တွင် တိဗက်အရေးအတွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ကာဆန္ဒပြခဲ့သည်။ အဆိုပါရဲစခန်းသည် ဘုန်းကြီးကျောင်းဧရိယာကို စောင့်ကြည့်ရန် ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တိဗက်ကို တရုတ်တို့ သိမ်းပိုက်မှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ကိုယ့်ကိုယ်ကိုယ်မီးရှို့၍ ဆန္ဒပြသတ်သေပြခဲ့သည့် တိဗက်လူမျိုး ၁၅၉ ဦးအထိရှိပြီဖြစ်ကြောင်း Phayul သတင်းဝက်ဘ်ဆိုက်၌ဖော်ပြထားသည်။

ယခုနှစ်အစောပိုင်းက နာမည်ကြီးအဆိုတော် စီဝမ်နော်ဘူ (၂၅) နှစ်သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် လာဆာမြို့ ပိုတာလာနန်းတော်ရှေ့တွင် မိမိကိုယ်ကို မီးရှို့သတ်သေခဲ့သည်။ အခြားတိဗက်အမျိုးသားတစ်ဦးကလည်း တိဗက် ကျဲဂူဒိုကောင်တီ ခမ်းဒေသရှိ ရဲစခန်းရှေ့တွင် မိမိကိုယ်ကို မီးရှို့ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တိဗက်ဒေသများတွင် သတင်းအချက်အလက်များ ပိတ်ဆို့တားဆီးမှုများ ပိုမိုဆိုးရွားလာသဖြင့် တိဗက်မှ သတင်းများ ရရှိရန် ပိုမိုခက်ခဲယဉ်းလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required