လိပ်ကျွန်းလူသတ်မှုတွင်သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦး ထောင်ပြောင်းရွှေ့

လိပ်ကျွန်းလူသတ်မှုတွင်သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦး ထောင်ပြောင်းရွှေ့

ချင်းမိုင်၊ ဇန်နဝါရီ ၂၈ ။           ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ချမှတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးအားထိုင်းနိုင်ငံ လိပ်ကျွန်းရှိ နခွန်စီ ထမရပ် အကျဉ်းထောင်မှ ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီခရိုင် ဘန်ခွမ် အကျဉ်းထောင်သို့ဇန်နဝါရီ ၂၇ ရက်က ပြောင်းရွှေ့လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင် ရှေ့နေက ပြောသည်။

“မနေ့က ညနေပိုင်းမှာ သူတို့ကိုရွှေ့တယ်။ ဒီနေ့မနက် ကလေးတွေဆီ ရှေ့နေများကောင်စီက အဖွဲ့တွေ သွားတဲ့အခါမှာ ထောင်ကို ရွှေ့လိုက်တယ်လို့ ထောင်ဝန်ထမ်းတွေက ပြောတာပါ။ မတွေ့ခဲ့ရဘူး”ဟုထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအထူးစုံစမ်းရေးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

မြန်မာလုပ်သားနှစ်ဦးကို ထိုင်းရှေ့နေများကောင်စီက ထောင်ဝင်စာတွေ့ခွင့်မရခဲ့သော်လည်း မကြာမီ ရက်ပိုင်းအတွင်း သံအမတ်မှ သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း သူက ပြောသည်။

ဘန်ကောက်မြို့မှ ကားဖြင့် တစ်နာရီခန့် သွားရသော ဘန်ခွမ် အကျဉ်းထောင်တွင် ပြစ်ဒဏ် နှစ် ၃၀ အထက် ချခံရသော အကျဉ်းသားများအား ထားရှိသော အကျဉ်းထောင်ဖြစ်ကြောင်း သူက ဆိုသည်။

ယခင်အကျဉ်ထောင်သည် အနည်းဆုံး ၈ နာရီခန့်မောင်းရသဖြင့် လမ်းခရီးဝေးလွန်းသလို၊ မြန်မာလုပ်သား နှစ်ဦးနှင့် တွေ့ဆုံနိုင်ရေး အဆင်မပြေသဖြင့် သူတို့နှစ်ဦးအား ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် ဘန်ကောက်မြို့ အနီးရှိ အကျဉ်းထောင်သို့ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟုရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အရင်တုန်းကတည်းက ကျနော်တို့တောင်းဆိုထားတာပါ။ ဘာလို့လဲဆိုတော့ အယူခံတရားရုံးက ဘန်ကောက်မှာ ရှိမယ်။ ဘန်ကောက်မှာရှိတဲ့ အကျဉ်းထောင်ကို ပြောင်းရင် အယူခံတက်တဲ့အခါ ပြောရေး ဆိုရေး သွားရေးလာရေးက ပိုအဆင်ပြေလို့ပါ၊ သူတို့ကို သွားမေးဖို့ ပိုလွယ်ကူသွားတာပေါ့”ဟု သူက ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၂၄ ရက် မတိုင်မီ အမှုခံ အယူခံ ဝင်ရန်အတွက် ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာအစိုးရက စေလွတ်ထားသော ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေ ပညာရှင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မူခင်းညာရှင်နှင့် မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ အမှုအယူခံဆိုင်ရာကျွမ်းကျင်သူတို့နှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိနိုင်ငံသား ဟန်နာ ဝီသာရစ်နှင့် ဒေးဗစ်မေလာ တို့ သတ်ဖြတ်ခံခဲ့မှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှုဖြင့် စွပ်စွဲကာ အမြင့်ဆုံး သေဒဏ် ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly