ရုရှ၏ စီးပွားရေး ၁၉၉၄ မှနောက်ပိုင်း အကျဆင်းဆုံးသို့ ဦးတည်နေ 

ရုရှ၏ စီးပွားရေး ၁၉၉၄ မှနောက်ပိုင်း အကျဆင်းဆုံးသို့ ဦးတည်နေ 

ဧပြီ ၁၄

ရုရှ၏ စီးပွားရေးသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး နောက်ပိုင်းနှစ်များအတွင်း ဂျီဒီပီ အကျဆင်းဆုံးအဖြစ် ၂၀၂၂ တွင် ၁၀ ရာခိုင်နှုန်း စီးပွားရေး ကျုံ့သွားမည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဟောင်း အလက်ဇီ ကက်ဒရင်းက အင်္ဂါနေ့တွင် ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းဆီ စစ်သား ထောင်ပေါင်းများစွာ စေလွှတ်ခြင်းအတွက် သမ္မတ ဗလာဒီမာ ပူတင်ကို အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် တင်းကျပ်လာခဲ့ပြီးနောက် ဖြစ်နိုင်ခြေရှိနေသော ကြွေးမြီပျက်ကွက်မှုနှင့်အတူ ရုရှနိုင်ငံသည် ငွေကြေးဖောင်းပွမှု ထိုးတက်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။ 

ရုရှ စီးပွားရေးနှင် ဘဏ္ဍာရေးဝန်ကြီးများသည် လက်ရှိ၌ ခန့်မှန်းချက်သစ်များအပေါ် လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေကြောင်း လက်ရှိ စာရင်းစစ်အဖွဲ့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူ ကက်သရင်းက ပြောကြောင်း နိုင်ငံပိုင် RIA သတင်းဌာနက ဖော်ပြသည်။ 

“ရုရှစီးပွားရေးနဲ့ ပတ်သက်ပြီး တရားဝင် ခန့်မှန်းချက်ဟာ ၁၀ ရာခိုင်နှုန်း ဝန်းကျင် စီးပွားရေး ကျုံ့လိမ့်မယ်ဆိုပြီး ဖြစ်လာနိုင်တယ်”ဟု ပူတင်၏ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၀၀ မှ ၂၀၁၁ အထိ တာဝန်ထမ်းခဲ့သူ ကက်သရင်းက ပြောကြောင်း RIA အရ သိရသည်။ 

၂၀၂၁ တွင် စီးပွားရေး ဖွံ့ဖြိုးနှုန်း ၄ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီးနောက် ယခုနှစ်အတွက် ဂျီဒီပီ ဖွံ့ဖြိုးနှုန်းသည် ၃ ရာခိုင်နှုန်းရှိမည်ဟု ရုရှအစိုးရက ယခင်က ခန့်မှန်းထားခြင်း ဖြစ်သည်။ 

စီးပွားရေးဝန်ကြီးဌာနက ယခုနှစ် ဂျီဒီပီသည် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြားအထိ ကျုံ့မည်ဟု ခန်မှန်းထားကြောင်း အမည်မဖော်သည့် ရုရှအစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ရပ်က ရိုက်တာသို့ ပြောသည်။ 

စီးပွားရေး ၁၀ ရာခိုင်နှုန်း ကျုံ့ခြင်းသည် ၁၉၉၄ မှနောက်ပိုင်း ဂျီဒီပီ အကျဆင်းဆုံး နှုန်းနှင့် ညီမျှကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အချက်အလက်အရ သိရသည်။ 

ရုရှ၏ ဂျီဒီပီ အထွက်နှုန်းသည် ယခုနှစ်တွင် ၁၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ယခုလအတွင်း ခန့်မှန်းထားသည်။ 

မတ်လနှောင်းပိုင်းက ရိုက်တာက စစ်တမ်းကောက်ယူသော သုတေသီများကမူ ရုရှ၏ ၂၀၂၂ ဂျီဒီပီသည် ၇ ဒသမ ၃ ရာခိုင်နှုန်း ကျုံ့လိမ့်မည်ဟု ခန့်မှန်းပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ၁၉၉၉ နောက်ပိုင်း အမြင့်ဆုံးအဖြစ် ၂၄ ရာခိုင်နှုန်းနီးပါး ဖောင်းပွလိမ့်မည်ဟု ခန့်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly