အမေရိကန်က ယူကရိန်းအား ဒေါ်လာ သန်း ၈၀၀ ဖိုး နောက်ထပ် စစ်ရေးအကူအညီ ပေး 

အမေရိကန်က ယူကရိန်းအား ဒေါ်လာ သန်း ၈၀၀ ဖိုး နောက်ထပ် စစ်ရေးအကူအညီ ပေး 

ဧပြီ ၁၄

ယူကရိန်း အရှေ့ပိုင်းအား ရုရှ၏ အပြင်းအထန် တိုက်ခိုက်မှု ဆင်နွှဲလာမည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြသည့် အချိန်၌ အမေရိကန်သည် ယူကရိန်းအား ထောက်ပံ့မှု အတိုင်းအတာကို တိုးချဲ့ပြီး အကြီးစား အမြောက်များအပါအဝင်ဖြစ်သည့် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုး စစ်ရေးအကူအညီ ပေးသွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုး ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။  

ဖေဖော်ဝါရီလအတွင်း ရုရှတပ်ဖွဲ့များ ကျူးကျော်ချိန်မှစပြီး စုစုပေါင်း စစ်ရေးအကူအညီ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်အထိ ရောက်ရှိစေသော ယခု အကူအညီတွင် အမြောက်စနစ်များ၊ အမြောက်ဆန်များ၊ သံချပ်ကာယာဉ်များနှင့် မောင်းသူမဲ့ ကမ်းရိုးတန်းသွား စစ်စက်လှေများ ပါဝင်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ဖုန်းပြောဆိုအပြီး ကြေညာချက် ထုတ်ရာ၌ ဘိုင်ဒင်က ဆိုသည်။ 

ကျူးကျော်မှုကို ခုခံတော်လှန်နေရခြင်းကြောင့် စစ်လက်နက်ပစ္စည်းများ ယူကရိန်းဆီ ပေးပို့ရေးသည် “အသက်တမျှ အရေးကြီးကြောင်း” ပြောဆိုလျက် နောက်ထပ် ရဟတ်ယာဉ်များလည်း ပေးပို့သွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က အတည်ပြုဆိုသည်။ 

“ကျွန်တော်တို့ အခု ရပ်နားမနေနိုင်ပါဘူး၊ သမ္မတ ဇယ်လန်စကီးကို ကျွန်တော် အာမခံထားတဲ့အတိုင်း အမေရိကန်ပြည်သူတွေဟာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ရဲရင့်တဲ့ ယူကရိန်း ပြည်သူတွေနဲ့အတူ ရပ်တည်သွားပါမယ်”ဟု ထုတ်ပြန်ချက်၌ ဂျိုး ဘိုင်ဒင်က ရေးသားသည်။ 

ယခု စစ်ရေးအကူအညီသစ်တွင် Mi-17 ရဟတ်ယာဉ် ၁၁ စင်းပါ ပါဝင်မည် ဖြစ်သည်။ ယင်း ရဟတ်ယာဉ်များမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြုသော အစိုးရ မပြိုကွဲခင်က အာဖဂန်နစ္စတန်နိုင်ငံအတွက် လျာထားသော ရဟတ်ယာဉ်များ ဖြစ်သည်။ ထိုပြင် 155mm ဟောင်ဝစ်ဇာအမြောက်ကြီး ၁၈ လက်၊ အမြောက်ဆန် ၄၀,၀၀၀ ၊ အမြောက်ကြီးများ တည်နေရာဖမ်းယူသော ရေဒါ၊ သံချပ်ကာယာဉ် အစင်း ၂၀၀ နှင့် Switchblade ဒရုန်း နောက်ထပ် အစင်း ၃၀၀ တို့လည်း ယခု စစ်ရေးအကူအညီတွင် ပါဝင်မည် ဖြစ်သည်။ 

ဟောင်ဝစ်ဇာအမြောက်ကြီးများကို အမေရိကန်အနေဖြင့် ယူကရိန်းအား ပထမဆုံး ထောက်ပံ့ပေးခြင်းလည်း ဖြစ်သည်။ 

ဟောင်ဝစ်ဇာနှင့် ရေဒါများကဲ့သို့သော လက်နက်စနစ်များအတွက် ယူကရိန်းတပ်များအား နောက်ထပ် သင်ကြားလေ့ကျင့်ပေးရန် လိုအပ်လိမ့်မည်ဟု ပင်တဂွန် ပြောခွင့်ရသူ ဂျွန် ကာဘီက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly