ရုရှ၏ ရည်မှန်းချက်များ မပြည့်မချင်း ယူကရိန်း၌ ထိုးစစ်ဆင်မှုကို ဆက်လုပ်သွားမည်ဟု ပူတင် ပြော

ရုရှ၏ ရည်မှန်းချက်များ မပြည့်မချင်း ယူကရိန်း၌ ထိုးစစ်ဆင်မှုကို ဆက်လုပ်သွားမည်ဟု ပူတင် ပြော

ဧပြီ ၁၃

ရုရှ၏ ရည်မှန်းချက်များ မပြည့်မီမချင်း ယူကရိန်း၌ သွေးထွက်သံယို အထိအခိုက်များသော ထိုးစစ်ဆင်မှုကို ဆက်လုပ်သွားမည် ဖြစ်ကြောင်း ရုရှသမ္မတ ဗလာဒီမာ ပူတင်က ဧပြီ ၁၂ ရက်တွင် ပြောသည်။

ယူကရိန်း၏ အပြင်းအထန် ခုခံမှုနှင့် ရင်ဆိုင်ခဲ့ရသလို သိသာထင်ရှားသော ဆုံးရှုံးမှုများ ကြုံခဲ့ရပြီးနောက် အဓိကကျသော ဆုတ်ခွာမှုတစ်ခု ရှိခဲ့သော်လည်း ရုရှ၏ စစ်ရေးတိုက်ပွဲက စီစဉ်ထားသည့်အတိုင်း ဆက်သွားနေသည်ဟု ပူတင်က အခိုင်အမာ ဆိုသည်။

ယူကရိန်း၏ မြို့တော်သို့ ဦးတည်ချဉ်းကပ်ခဲ့ရာတွင် ခုခံ ဟန့်တားခံရ၍ အစီအစဉ် အထမမြောက်ခဲ့သည့် ရုရှတပ်ဖွဲ့များသည် ယခုအခါ အရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသကို အာရုံစိုက်လျက် ရှိသည်။ ယင်းဒေသတွင် မိမိတို့၏ တပ်ဖွဲ့ဝင်များအပေါ် အဆိပ်ရှိသော အရာတစ်ခု ချခဲ့သည် ဆိုသည့် ပြောဆိုချက်များကို စုံစမ်းစစ်ဆေးနေကြောင်း ယူကရိန်းက ဧပြီ ၁၂ ရက်တွင် ပြောသည်။ ထိုအရာက မည်သည် ဖြစ်နိုင်သလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အကယ်၍ ရုရှဘက်က ဓာတုလက်နက်များ အသုံးပြုပါက အကြီးအကျယ် ထိခိုက်ပျက်စီးနေပြီးဖြစ်သည့် စစ်ပွဲကို ကြီးလေးစွာ အရှိန်မြင့်တက်မှုဖြစ်စေလိမ့်မည်ဟု အနောက်အုပ်စု တာဝန်ရှိသူများက သတိပေးသည်။

ရုရှသည် ယူကရိန်းအပေါ် ဖေဖေါ်ဝါရီ ၂၄ ရက်က ကျူးကျော်မှု စတင်ခဲ့ခြင်းဖြစ်သည်။ မြို့တော် ကိယက်ဗ်ကို သိမ်းယူရန်၊ လက်ရှိ ယူကရိန်းအစိုးရကို ဖြုတ်ချရန်၊ မော်စကိုနှင့် ရင်းနှီးသည့် အစိုးရတစ်ရပ် တင်မြှောက်ရန် ရည်မှန်းချက်ဖြင့် ရုရှတို့ ယူကရိန်းကို ကျူးကျော်ခြင်း ဖြစ်ကြောင်း အ​ေနာက်အုပ်စုအရာရှိများက ပြောသည်။

ကျူးကျော်မှုက သီတင်းပတ်ခြောက်ပတ် ကြာလာပြီးနောက် မြေပြင်စစ်ချီတက်မှုက တန့်သွားခဲ့ပြီး ရုရှတပ်များသည် တပ်ဖွဲ့ဝင် ထောင်ချီ ဆုံးရှုံးခဲ့ဖွယ်ရှိသလို အရပ်သားများကို သတ်ဖြတ်ကာ အခြားသော ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ ကျူးလွန်ထားခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

၎င်း၏ ကျူးကျော်မှုက ယူကရိန်းအရှေ့ပိုင်းရှိ မော်စကို ကျောထောက်နောက်ခံပြု သူပုန်များထိန်းချုပ်ရာ နေရာများရှိ ပြည်သူများကို ကာကွယ်ပေးရန်နှင့် “ရုရှ၏ လုံခြုံရေးကို အသေအချာအာမခံနိုင်စေရန်” ရည်ရွယ်ကြောင်း ပူတင်က ဧပြီ ၁၂ ရက်တွင် ပြောခဲ့သည်။

ရုရှအနေဖြင့် “အခြားရွေးချယ်စရာ မရှိခဲ့ကြောင်း” နှင့် ၎င်း၏ အခေါ် “အထူး စစ်ဘက် စစ်ဆင်ရေး” တစ်ရပ်ကို လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ “သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ အပြည့်အဝ ပြီးမြောက် ပြည့်မီ” သည်အထိ စစ်ဆင်ရေးကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပူတင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly