ရုရှစစ်သားများက အဓမ္မ ပြုကျင့်မှု ရာပေါင်းများစွာ ကျူးလွန်ဟု ဇယ်လန်စကီး ပြော 

ရုရှစစ်သားများက အဓမ္မ ပြုကျင့်မှု ရာပေါင်းများစွာ ကျူးလွန်ဟု ဇယ်လန်စကီး ပြော 
Photo - AFP

ဧပြီ ၁၃

ရုရှတို့ သိမ်းပိုက်ခဲ့ဖူးသော အရပ်ဒေသများတွင် ငယ်ရွယ်သော ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းများအပါအဝင် “ရာပေါင်းများစွာ အဓမ္မပြုကျင့်မှု” သတင်းများကို စုံစမ်းစစ်ဆေးသူများက ရရှိထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အင်္ဂါနေ့တွင် ပြောသည်။ 

ယူကရိန်းနိုင်ငံအနှံ့တွင် ရုရှတပ်များက ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရပြီး အထူးသဖြင့် လက်ရှိ၌ တပ်များ ပြန်လည်ရုပ်သိမ်းသွားပြီဖြစ်သော မြို့တော် ကိယက်ဗ်ဝန်းကျင်တွင် ဖြစ်သည်။ အဆိုပါ စွပ်စွဲချက်များအား ရုရှက ငြင်းဆန်ထားသည်။ 

“သိမ်းပိုက်သူတွေ လက်အောက်က လွတ်မြောက်လာတဲ့ အရပ်ဒေသတွေမှာ ရုရှ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်နေ၊ စုံစမ်းစစ်ဆေးနေပါတယ်”ဟု ဇယ်လန်စကီးက လစ်သူယေးနီးယား လွှတ်တော်အမတ်များသို့ ဗီဒီယို ဆက်သွယ်မှုမှတစ်ဆင့် ပြောဆိုသည်။ 

“ရုပ်အလောင်းတွေ အများအပြား မြုပ်နှံထားတဲ့ မြေပုံတွေကိုလည်း နေ့စဉ်နီးပါး တွေ့ရှိနေရဆဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“သက်သေအချက်အလက်တွေကို ဆက်လက်စုယူနေပါတယ်၊ ဘေးကြုံတွေ့ရသူတွေ ထောင်ပေါင်းများစွာ ရှိနေတယ်၊ နှိပ်စက်ညှဥ်းပန်းတဲ့ အမှုကိစ္စတွေလည်း ရာပေါင်းများစွာ ရှိတယ်၊ ရေမြောင်းတွေ၊ မြေအောက်ခန်းတွေမှာ ရုပ်အလောင်းတွေကို ဆက်လက်ရှာတွေ့နေဆဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

“အဓမ္မပြုကျင့်မှု အမှု ရာပေါင်းများစွာကို မှတ်တမ်းယူပြီး ဖြစ်တယ်၊ ဒီလို ရုရှစစ်သားတွေ ကျူးလွန်ကြရာမှာ မိန်းကလေးငယ်လေးတွေ၊ တော်တော်ငယ်တဲ့ အရွယ်တွေပါတယ်၊ ကလေးငယ်တွေတောင် ပါတယ်”ဟု ဇယ်လန်စကီးက ပြောသည်။ 

ယခု ဇယ်လန်စကီး၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး “စိတ်ကူးလို့တောင် မဖြစ်နိုင်တဲ့ အလွန်စက်ဆုပ်ဖွယ်ရာပဲ ဖြစ်ပါတယ်”ဟု လစ်သူယေးနီးယား သမ္မတ ဂစ်တာနက်စ် နာအူဆီဒါက တုံ့ပြန်ခဲ့သည်။ 

ယူကရိန်း၌ အဓမ္မပြုကျင့်မှုများကို “စစ်လက်နက်သဖွယ်” အသုံးချနေကြောင်း ဘေးကြုံရသူများ၏ ထွက်ဆိုချက်များကို မှတ်တမ်းတင်ရင်း လူအခွင့်အရေးအဖွဲ့အစည်းများက ပြောကြသည်။ 

ယူကရိန်းအမျိုးသမီးတစ်ဦးက အေအက်ဖ်ပီသို့ ပြောရာတွင် သူ့၏ ခင်ပွန်းဖြစ်သူမှာ စစ်သားဖြစ်ကြောင်း သိရပြီးနောက် ရုရှစစ်သားနှစ်ဦးက ၎င်းကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြကြောင်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required