ပူတင်၏ အရင်းနှီးဆုံး မဟာမိတ်ကို ဖမ်းဆီးခဲ့ဟု ယူကရိန်း ကြေညာ

ပူတင်၏ အရင်းနှီးဆုံး မဟာမိတ်ကို ဖမ်းဆီးခဲ့ဟု ယူကရိန်း ကြေညာ

ဧပြီ ၁၃

ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ အရင်းနှီးဆုံး မဟာမိတ် ဖြစ်သည့် ယူကရိန်းစီးပွားရေးလုပ်ငန်းရှင်၊ အတိုက်အခံနိုင်ငံရေးသမား ဗစ်တာ မက်ဒ်ဗီချက်ခ်ကို ဖမ်းဆီးခဲ့ကြောင်း ယူကရိန်း လုံခြုံရေးဌာနက ကြေညာသည်။

“လျှပ်စီးတမျှ မြန်ဆန်ပြီး အန္တရာယ်များသော” စစ်ဆင်ရေးတစ်ခုအတွင်း ပူတင်၏ ယူကရိန်းရှိ အရင်းနှီးဆုံး မိတ်ဆွေကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောသည်။

မက်ဒ်ဗီချက်ခ်သည် ယူကရိန်းတွင် နိုင်ငံတော် သစ္စာဖောက်မှု စွဲချက်ဖြင့် နေအိမ်အကျယ်ချုပ် ကျနေခဲ့ရာကနေ ယူကရိန်းအပေါ် ရုရှ ကျူးကျော်ဝင်ရောက်ပြီးနောက် ရက်များအတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ယခုအခါ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၎င်းအား ဖမ်းမိမှုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပထမဆုံး ကြေညာခဲ့ပြီး တိုက်ပွဲဝင်ဝတ်စုံ ဝတ်ထားကာ ဖိုသီဖတ်သီ ဖြစ်နေသည့် လက်ထိပ်ခတ်ခံထားရသော မက်ဒ်ဗီချက်ခ်၏ ပုံကို ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။

“ယူကရိန်း လုံံခြုံရေးတပ်ဖွဲ့က အထူး စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အောင်မြင်ခဲ့ပြီး တာဝန်ကျေပါတယ်” ဟု ဇယ်လန်စကီးက တယ်လီဂရမ်တွင် ရေးသည်။ ယင်းနောက် မက်ဒ်ဗီချက်ခ်ကို ရုရှတို့ ထိန်းသိမ်းထားသည့် ယူကရိန်းစစ်အကျဉ်းသားများနှင့် လဲလှယ်ရေး ၎င်းက အဆိုပြုခဲ့သည်။

“ခင်ဗျားတို့ရဲ့ ဒီလူနဲ့ ရုရှ ထိန်းသိမ်းထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ လဲလှယ်ဖို့ ကျွန်တော် အဆိုပြုပါတယ်” ဟု ဇယ်လန်စကီးက တယ်လီဂရမ်တွင် ဗီဒီယိုမိန့်ခွန်းတစ်ခု တင်ပြီး ပြောခဲ့သည်။

မက်ဒ်ဗီချက်ခ်သည် ရုရှ ရေနံအကျိုးစီးပွား လုပ်ပိုင်ခွင့်များနှင့် ရုရှအစိုးရနှင့် နီးစပ်မှုတို့ကနေတစ်ဆင့် ကြွယ်ဝခဲ့သူဖြစ်သည်။

ပူတင်သည် မက်ဒ်ဗီချက်ခ်၏ အငယ်ဆုံး သမီး၏ ခေါင်းကိုင်အဖ ဖြစ်သည်။ မက်ဒ်ဗီချက်ခ်၏ ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် အတိုက်အခံ ပလက်ဖောင်း For Life သည် ၂၀၂၁ ခုနှစ် မေလ ၎င်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲမခံရသေးခင်အထိ မော်စကို လိုလားသော လုပ်ငန်းစဉ်ကို လုပ်ဆောင်ထားခဲ့သည်။

မက်ဒ်ဗီချက်ခ်သည် ရုရှထံ စစ်ဘက်လျှို့ဝှက်ချက်များ ရောင်းစားခဲ့ကြောင်းနှင့် ရုရှ သိမ်းပိုက်မှုအောက်ရှိ ခရိုင်းမီးယားဒေသ၏ သဘာဝရင်းမြစ်များကို အမြတ်ထုတ်အသုံးချနေကြောင်း စွပ်စွဲခံခဲ့ရသည်။

မက်ဒ်ဗီချက်ခ်က ၎င်းသည် အမှားမလုပ်ထားပါ ဟု ငြင်းဆိုခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျနေခဲ့စဉ် ရုရှကျူးကျော်မှု ပထမဆုံးရက်များအတွင်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ ယခုအခါ ယူကရိန်းတာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required