နယူးယော့ခ် မြေအောက်ဘူတာရုံ ပစ်ခတ်မှု ကျူးလွန်သူ သေနတ်သမားကို လိုက်လံရှာဖွေနေ

နယူးယော့ခ် မြေအောက်ဘူတာရုံ ပစ်ခတ်မှု ကျူးလွန်သူ သေနတ်သမားကို လိုက်လံရှာဖွေနေ

ဧပြီ ၁၃

အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ မြေအောက်ရထားဘူတာရုံတစ်ခု၌ ရထားတစ်စီးပေါ်တွင် လူ ၁၀ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမျိုးသားတစ်ဦးကို တာဝန်ရှိသူများက ဧပြီ ၁၂ ရက်တွင် အပူတပြင်း လိုက်လံရှာဖွေနေသည်။ အဆိုပါ ပစ်ခတ်မှု ကျူးလွန်သူ အမျိုးသားသည် ဓာတ်ငွေ့ကာ မျက်နှာဖုံး တပ်ကာ မီးခိုးဗုံးနှစ်လုံးကို ဖောက်ခွဲပြီးနောက် ကြောက်လန့်တကြား ဖြစ်နေခဲ့သည့် ရထားစီးသူများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဘရွတ်ကလင်း စီရင်စု၌ ဖြစ်ပွားသော ထိုဖြစ်စဉ်ကို လက်ရှိတွင် အကြမ်းဖက်မှု လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ် စစ်ဆေးခြင်း မရှိသေးကြောင်းနှင့် လက်ရှိအချိန်တွင် သေနတ်သမား ပစ်ခတ်မှုကျူးလွန်ရခြင်း၏ အကြောင်းရင်းကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဒဏ်ရာရသူများထဲတွင် အသက်အန္တရာယ်ရှိသည်ဟု ယူဆခံရသူ မရှိခဲ့ကြောင်း သိရသည်။

သံသယရှိ သေနတ်သမားသည် ဘူတာရုံ၌ ရထားဆိုက်လာခဲ့ချိန် ဓာတ်ငွေ့ကာ မျက်နှာဖုံးကို တပ်ခဲ့ခြင်း ဖြစ်ကြောင်း နယူးယော့ခ် ရဲဌာန ရဲမင်းကြီး ကီးချတ် ဆီဝဲလ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

သေနတ်သမားသည် မီးခိုးဗုံးနှစ်လုံးကို ရထားတွဲအတွင်း ခွဲခဲ့ခြင်း ဖြစ်ကြောင်း ဆီဝဲလ်က ပြောသည်။ “အဲဒီနောက်မှာ သူဟာ ခရီးသည်တွေကို ပစ်တော့တာပါပဲ။ အဲဒီအချိန်မှာ ရထားက ၃၆ လမ်း ဘူတာရုံမှာ ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သေနတ်ထိမှန် ဒဏ်ရာရသူ ၁၀ ဦးအပြင် အခြား ၁၃ ဦးလည်း ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းတို့သည် ရထားဘူတာရုံကနေ ထွက်ခွာရန် အပြင်းအထန် ကြိုးပမ်းခဲ့ချိန်တွင် ဒဏ်ရာရခြင်း သို့မဟုတ် မီးခိုး‌ငွေ့ ရှုမိပြီး အသက်ရှုကျပ် ဝေဒနာခံစားခဲ့ရခြင်းတို့ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

သေနတ်သမားသည် အချက်ပေါင်း ၃၃  ချက် ပစ်ခတ်ခဲ့သည်ဟု နယူးယော့ခ် ရဲဌာန အကြီးအကဲ ဂျိမ်းစ် အီဆစ်က ပြောသည်။ ယင်းနောက် အခင်းဖြစ်ပွားရာနေရာကနေ Glock 17 ၉ မီလီမီတာ သေနတ်တစ်လက်၊ ကျည်ကပ်သုံးခု နှင့် ရဲတင်းတစ်လက်ကို ရဲများက တွေ့ရှိခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဖမ်းမမိသေးသော်လည်း ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သည်ဟု ရဲများဘက်က ထင်မြင်ယူဆထားသူတစ်ဦးကို ခွဲခြားဖော်ထုတ်ထားကြောင်းနှင့် ၎င်းသည် လိမ္မော်ရောင် အင်္ကျီနှင့် မီးခိုးရောင် ခေါင်းခြုံပါ ချွေးထိန်းအင်္ကျီလက်ရှည် ဝတ်ထားသည့် အသားညိုသော အမျိုးသားတစ်ဦးဖြစ်ကြောင်း ဆီဝဲလ်က ပြောသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားသူ တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်း သူမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly