ယူကရိန်းအရှေ့ပိုင်း ထိုးစစ်၏ တစ်စိတ်တစ်ဒေသအဖြစ် မာရီယူပိုးလ်မြို့ကို သိမ်းပိုက်ရန် ရုရှတပ်များ ရည်မှန်းနေ

ယူကရိန်းအရှေ့ပိုင်း ထိုးစစ်၏ တစ်စိတ်တစ်ဒေသအဖြစ် မာရီယူပိုးလ်မြို့ကို သိမ်းပိုက်ရန် ရုရှတပ်များ ရည်မှန်းနေ
Photo - Google

ဧပြီလ ၁၂ ရက်

ရုရှတပ်များသည် ယူကရိန်းအရှေ့ပိုင်းတွင် လုပ်ဆောင်ရန် သေချာသလောက်ရှိနေသည့် ကြီးမားသော ထိုးစစ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မာရီယူပိုးလ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ရန် ရည်မှန်းနေသည်ဟု သိရသည်။

ယူကရိန်းတပ်ဖွဲ့များကလည်း ရုရှတပ်များကို ခုခံတွန်းလှန်ရန် အသည်းအသန် ကြိုးပမ်းထားခဲ့သည်။

ရုရှသည် သိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသကို ဒွန်ဘတ်စ်ရှိ မော်စကို ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတို့၏ ဒွန်နက်စ်နှင့် လူဂန့်စ် နယ်မြေများနှင့် ချိတ်ဆက်ရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသည်။ ထို့ပြင် တစ်ချိန်က လူ လေးသိန်းကျော် နေထိုင်ခဲ့သည့် မဟာဗျူဟာကျ မြို့ကိုလည်း ရုရှတပ်များ ဝိုင်းရံထားသည်။

“ဖြစ်နိုင်ခြေ ရှိတာက ရှေ့ကာလမှာ ရန်သူဟာ မာရီယူပိုးလ်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားလာပါလိမ့်မယ်။ ပိုပါစနာမြို့ကိုလည်း သိမ်းပိုက်ဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ပြီးတော့ ဒွန်နက်စ် ဒေသရဲ့ အုပ်ချုပ်ရေး နယ်နိမိတ်တွေဆီ ရောက်ဖို့ ကူရာခို့ဗ် လမ်းကြောင်းအတိုင်း ထိုးစစ်တစ်ခု လုပ်လာပါလိမ့်မယ်” ဟု ယူကရိန်းစစ်တပ်၏ စစ်ဦးစီးမှူးက ဖေ့ဘွတ်ခ်ကနေ ပြောသည်။

မာရီယူပိုးလ် မြို့မှာပင် ယူကရိန်းတပ်ဖွဲ့များ “ဝိုင်းရံ၊ ပိတ်ဆို့” ခံထားရကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး ရုံးမှ အရာရှိတစ်ဦးဖြစ်သည့် မစ်ဟေလို ပိုဒေါယက်ခ်က ပြောသည်။

သို့သော် မာရီယူပိုးလ်မြို့ကို ခုခံကာကွယ်ရန် ဆက်လုပ်နေကြောင်း စစ်တပ်က တနင်္လာနေ့က အခိုင်အမာ ပြောသည်။

“မြို့ကို သူရဲကောင်းဆန်စွာ ခုခံကာကွယ်နေတဲ့ တပ်ဖွဲ့တွေနဲ့ အဆက်အသွယ်က အခိုင်အမာ ဆက်ရှိနေပါတယ်” ဟု ယူကရိန်း ကြည်းတပ် တပ်ဖွဲ့က တယ်လီဂရမ်တွင် ရေးသည်။

ညပိုင်း မိန့်ခွန်းတစ်ခုထဲတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးက မြို့၏ ခုခံကာကွယ်နိုင်စွမ်းကို တိုးမြှင့်ရန် နောက်ထပ် လက်နက်များ ရရှိရေး ၎င်း၏ မဟာမိတ်များထံ ပန်ကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required