ပင်းတယမြို့ NLD လွှတ်တော်အမတ် နေအိမ်နှင့် ညီမဖြစ်သူနေအိမ် ချိပ်ပိတ်ခံရ

ပင်းတယမြို့ NLD လွှတ်တော်အမတ် နေအိမ်နှင့် ညီမဖြစ်သူနေအိမ် ချိပ်ပိတ်ခံရ

ဧပြီလ ၁၂ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အနောက်ပိုင်း တောင်ရွှေပုထိုး ကျေးရွာရှိ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်၏ နေအိမ်နှင့် ညီမဖြစ်သူ နေအိမ်တို့ ဧပြီ ၉ ရက်နေ့  နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ချိပ်ပိတ်ခံရကြောင်း သိရသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်၏အိမ်ကို ၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်နေ့တွင်တစ်ကြိမ်၊ ၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဝင်ရောက်ကာ လူမတွေ့သည့်အတွက် တစ်ရွာထဲနေ ညီမဖြစ်သူအိမ်ကိုပါ ထပ်မံဝင်ရောက်ရှာဖွေပြီး နေအိမ်အတွင်းရှိ ပစ္စည်းများယူဆောင်သွား ကာ ယခု နေအိမ်များကိုပါ ချိပ်ပိတ်ခံထားရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကဆိုသည်။ 

''စစ်ကောင်စီက လွှတ်တော်အမတ်ရဲ့အိမ်ကို ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတုန်းက အိမ်ထဲကို စိတ်ကြိုက်မွှေ ခဲ့ကြပြီးပြီ။ အဲဒီတုန်းက မိဘအိမ်ဖြစ်နေတာရယ်၊ ရွာဆိုတော့ အိမ်ဂရမ်မရှိတာရယ်ကြောင့် ချိပ်ပိတ် မခံရ ဘူးလို့ ထင်နေတာ။ ခုတော့ လွှတ်တော်အမတ်အိမ်ရော၊ သူ့ညီမ အိမ်ရော လာပိတ်သွားပြီ'' ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူက မဇ္ဈိမကိုပြောသည်။

ပင်းတယမြို့နယ်မှ ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းနိုင်မှာ သဘာဝဘေး စီမံပုဒ်မ ၂၅ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)တို့ဖြင့် တရားစွဲဆိုခံထားရပြီး  ယောက်ဖ ဖြစ်သူမှာလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ  ၂၉ ရက်က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံ ထားရကာ ယခုအချိန်ထိ ပြန်မလွတ်သေးကြောင်းသိရသည်။

ပင်းတယမြို့နယ်တွင် နေအိမ်ချိပ်ပိတ်ခံရသောဖြစ်စဉ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required