အင်ဒိုနီးရှားတွင် သမ္မတ သက်တမ်းတိုးမည်ကို ဆန္ဒပြသော ကျောင်းသားများအား ရဲက ဖြိုခွင်း 

အင်ဒိုနီးရှားတွင် သမ္မတ သက်တမ်းတိုးမည်ကို ဆန္ဒပြသော ကျောင်းသားများအား ရဲက ဖြိုခွင်း 
Photo - AFP

ဧပြီ ၁၂

အင်ဒိုနီးရှားနိုင်ငံတွင် ဖွဲ့စည်းပုံ ပြင်ဆင်မှု ဖြစ်လာနိုင်သည်ဆိုသော ကောလာဟလများ သီတင်းပတ်ကြာ ထွက်ပေါ်နေခဲ့ပြီးနောက် သမ္မတ သက်တမ်း ကန့်သတ်ချက်ကို ထပ်တိုးလာနိုင်ခြင်းအား ဆန့်ကျင်သည့် တနင်္လာနေ့က ဆန္ဒပြကျောင်းသား ထောင်ပေါင်းများစွာကို ရဲက မျက်ရည်ယိုဓာတ်ငွေ့များ၊ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းသည်။ 

အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၄ တွင် နောက်ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအားဖြင့် သမ္မတ သက်တမ်း နှစ်ကြိမ်ထက် ပို၍ ထမ်းဆောင်ခွင့်မရှိခြင်းကြောင့် သမ္မတ ဂျိုကို ဝီဒိုဒိုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ 

သို့ရာတွင် အကြီးတန်း ဝန်ကြီးများနှင့် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲအား ဆိုင်းငံ့သင့်ပြီး သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပို၍ ခွင့်ပြုသော ဖွဲ့စည်းပုံကို ပြင်ဆင်သင့်သည်ဟု ပြီးခဲ့သည့်လက အဆိုပြုလာကြခြင်း ဖြစ်သည်။ 

တနင်္လာနေ့၌ အင်အား ၂,၀၀၀ ခန့်ရှိ တက္ကသိုလ်ကျောင်းသားများသည် အောက်လွှတ်တော်အဆောက်အအုံရှေ့၌ စုရုံးကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း နိုင်ငံတစ်ဝန်း အလားတူ စုရုံးဆန္ဒပြမှုများ ပေါ်ပေါက်ထားသည်။ 

“ပြင်ဆင်တာ လုပ်ဆောင်ပြီး အောက်လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံကို သစ္စာမဖောက်ဖို့ ကျွန်တော်တို့ တောင်းဆိုတယ်၊ ၂၀၂၄ ရွေးကောက်ပွဲကို ဆိုင်းငံ့တာကိုလည်း ကျွန်တော်တို့ အပြင်းအထန် ပယ်ချတယ်”ဟု ဆန္ဒပြညှိနှိုင်းရေးမှူး ယုဖရီဇယ်က ထုတ်ပြန်ချက်တွင် ပြောသည်။ 

နောက်ပိုင်းတွင် ရဲများက မျက်ရည်ယိုဓာတ်ငွေ့များ၊ မီးသတ်ပိုက်များဖြင့် ဆန္ဒပြသူများကို လူစုခွဲကြောင်း ဖြစ်ပွားရာဆီ ရောက်ရှိသည့် အေအက်ဖ်ပီ သတင်းထောက်များအရ သိရသည်။ 

သမ္မတ ဝီဒိုဒိုကို ထောက်ခံသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသော ပညာရှင် အဒီ အာမန်ဒိုကို ဆန္ဒပြအုပ်စုက တိုက်ခိုက်သဖြင့် ယခုကဲ့သို့ ဖြိုခွင်းရသည့် နည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်ဟု ဂျကာတာ ရဲချုပ် ဖာဒဲလ် အီမရန်က ပြောသည်။ 

စိတ်ဆိုးဒေါသထွက်သည့် ဆန္ဒပြသူများ၏ အနင်းခံရ၍ အာမန်ဒိုတွင် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲက ပြောသည်။ ၎င်းအား ကယ်ထုတ်နိုင်ရေး ကြိုးစားရာ၌ တာဝန်ရှိသူ ခြောက်ဦး တိုက်ခိုက်ခံရပြီး ဒဏ်ရာရကြောင်းလည်း ရဲချုပ် အီမရန်က ဆိုသည်။ 

“ဥပဒေကို ချိုးဖောက်သူတွေနဲ့ အခု ဖြစ်ရပ်ကို ကြိုးကိုင်စီစဉ်သူတွေကို တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်ဆိုတာ ကျွန်တော်တို့ ကတိပေးပါတယ်”ဟု ရဲချုပ်က ပြောပြီး ဖမ်းဆီးထားသည့် ဆန္ဒပြသူ စုစုပေါင်း ၈၀ ရှိသည်ဟု ဖြည့်စွက်ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required