မြောက်ကိုရီးယားနှင့် တင်းမာမှုကြား ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်က လေယာဉ်တင်သင်္ဘော ဖြန့်ကြက် 

မြောက်ကိုရီးယားနှင့် တင်းမာမှုကြား ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်က လေယာဉ်တင်သင်္ဘော ဖြန့်ကြက် 

ဧပြီ ၁၂

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကြောင့် တင်းမာလျက်ရှိစဉ် အမေရိကန်က လေယာဉ်တင်သင်္ဘောကို ဖြန့်ကြက်လာသည်ဟု တောင်ကိုရီးယားမီဒီယာက ဖော်ပြပြီးနောက်တွင် USS Abrnham Lincoln တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စုသည် ကိုရီးယားကျွန်းဆွယ် ကမ်းလွန်၌ တပ်ဖြန့်လျက်ရှိနေကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောလာခဲ့သည်။  

ဒေသတွင်းရှိ မဟာမိတ်များနှင့် မိတ်ဖက်များ စိတ်အေးရစေရေးအတွက် ဂျပန်တပ်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုအတွက် အရှေ့ပင်လယ်ဟုခေါ်သော ဂျပန်ပင်လယ်တွင် အဆိုပါ ရေယာဉ်အုပ်စု ရှိနေခြင်းဖြစ်သည်ဟု ယင်း တာဝန်ရှိသူက ဆိုသည်။ မြောက်ကိုရီးယားသည် လာမည့်ရက်များအတွင်း မြေအောက်နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်လာနိုင်သည်ဟု အမေရိကန်တာဝန်ရှိသူများ စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိစဉ် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ 

တောင်ကိုရီးယားနှင့် ဂျပန်ကြားက ရေပြင်တွင် လေယာဉ်တင်သင်္ဘော ဖြန့်ကြက်လာခြင်းသည် ယခု အကြိမ်သည် ၂၀၁၇ နောက်ပိုင်း ပထမဆုံးလည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်သည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုများကြောင့် USS Ronald Reagan၊ Theodore Roosevelt နှင့် Nimitz လေယာဉ်တင်သင်္ဘောများကို ၎င်းတို့၏ တိုက်ခိုက်ရေးရေယာဉ်အုပ်စုများနှင့်အတူ ဖြန့်ကြက်ခဲ့ခြင်း ဖြစ်သည်။ 

ယခု USS Abraham Lincoln လေယာဉ်တင်သင်္ဘောသည် ယင်း ဧရိယာ၌ သုံးရက်မှ ငါးရက်ကြာ တပ်ဖြန့်လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်ကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြသည်။ 

တနင်္လာနေ့က တောင်ကိုရီးယား မီဒီယာ၏ သတင်းကို တုံ့ပြန်ပြီး စီစဉ်ထားသော သို့မဟုတ် ဆောင်ရွက်ဆဲဖြစ်သော စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး ထင်မြင်ချက် မပေးနိုင်ဟု U.S. Forces Korea (USFK) မှ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။   

နိုင်ငံတကာ ရေပြင်တွင် အမေရိကန် လေယာဉ်တင်သင်္ဘော ရှိနေကြောင်းကို သိရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသော်လည်း အမေရိကန်၏ အရေးကိစ္စဖြစ်၍ ယခု သတင်းနှင့်ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် ငြင်းဆန်သည်။  

အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအတွက် ပြင်ဆင်ခြင်းအဖြစ် မြောက်ကိုရီးယားက ယခင်က ဝေဖန်ထားပြီး တင်းမာမှု ပို၍ တိုးပွားစေသည်ဟု ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required