လက်လုပ်မိုင်း မတော်တဆ ပေါက်ကွဲမှုကြောင့် CDM ရဲတပ်သား ကျဆုံး

လက်လုပ်မိုင်း မတော်တဆ ပေါက်ကွဲမှုကြောင့် CDM ရဲတပ်သား ကျဆုံး

ဧပြီလ ၁၁ ရက်

ဧရာဝတီတိုင်းတွင် လက်လုပ်မိုင်း စမ်းသပ်ရာက CDM Police Defence Force (CPDF) အဖွဲ့မှ ရဲဘော် တစ်ဦး ဧပြီလ ၁၁ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း Pathein Western Defence Force (P.W.D.F) တပ်ဖွဲ့ဝင် ထံက သိရသည်။

"ကျွန်တော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ CPDF က ရဲဘော် ကောက်ကွေး လက်လုပ်မိုင်း စမ်းနေရင်းက မတော်တဆ ပေါက်ကွဲပြီး ကျဆုံးခဲ့တာပါ။ ညီနောင် မဟာမိတ် အဖွဲ့တွေက သူရဲကောင်း အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ပြီး ကျဆုံးသွားသူရဲ့ မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်စနစ် ကျရှုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကျွန်တော်တို့ တပ်ဖွဲ့က အဆုံးထိအောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုပါတယ်" ဟု ၎င်းကဆိုသည်။

ကျဆုံးသူ CDM ရဲတပ်သား သော်ဇင်စိုး(ခေါ်) ကောက်ကွေးသည် ပုသိမ်မြို့နယ် သင်္ဘောကျင်း နယ်မြေ ရဲစခန်းမှ ဖြစ်၍ စစ်အုပ်စု အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ ဖြစ်သည်။

ထို့နောက် CPDF တပ်ဖွဲ့ဝင် အဖြစ် PWDF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ချောင်းသာ-ပုသိမ်လမ်းပေါ်တွင် စစ်ကောင်စီ၏ ဝန်ကြီးများ လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ပြီး ပုသိမ်မြို့နယ် အတွင်းရှိ စစ်ကောင်စီ ဒေါက်တိုင်များကို ရှင်းလင်းသည့် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့ကြောင်း PWDF တပ်ဖွဲ့ဝင်က ဆိုသည်။

၎င်း၏ ရုပ်အလောင်းကို ဧရာဝတီတိုင်း တစ်နေရာတွင် ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက မြေမြှုပ်သဂြိုဟ်ခဲ့ သည်ဟု သိရသည်။

ကွယ်လွန်သူ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို Pathein Western Defence Force (P.W.D.F) ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required