ရုရှကျူးလွန်သော စစ်ရာဇဝတ်မှု ၅,၆၀၀ ကို စုံစမ်းစစ်ဆေးနေကြောင်း ယူကရိန်း ပြော 

ရုရှကျူးလွန်သော စစ်ရာဇဝတ်မှု ၅,၆၀၀ ကို စုံစမ်းစစ်ဆေးနေကြောင်း ယူကရိန်း ပြော 
Photo - AFP

ဧပြီ ၇

ထောင်ပေါင်းများစွာသော စစ်ရာဇဝတ်မှုများအတွက် သမ္မတ ဗလာဒီမာ ပူတင်အပါအဝင် ရုရှခေါင်းဆောင် ၅၀၀ ကို စွပ်စွဲထားသော အပြစ်ရှိနိုင်မှုအပေါ် ယူကရိန်းက စုံစမ်းစစ်ဆေးနေကြောင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောသည်။ 

ကိယက်ဗ်မြို့တော်သို့ စနေနေ့က အံ့အားသင့်စဖွယ် လာရောက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ် ဂျွန်ဆင်အား ကျေးဇူးတင်ရှိကြောင်းလည်း ယူကရိန်း ရှေ့နေချုပ် အီရီနာ ဗီနီဒစ်တိုဗာက ဗြိတိန် Sky News သတင်းဌာနသို့ ပြောသည်။  

ဂျွန်ဆင်သည် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမှု၌ ဗြိတိန်က စစ်ရေးအကူအညီများ ပိုမို ပေးအပ်မည်ဟု ကတိခံပြီး ခေါင်းဆောင်နှစ်ဦးသည် ကိယက်ဗ်မြို့တော်အလယ်ပိုင်းသို့ လုံခြုံရေးထူထပ်စွာဖြင့် သွားရောက်ခဲ့သည်။ 

“ယူကရိန်းဟာ ခြင်္သေ့တစ်ကောင်ရဲ့ ရဲရင့်သတ္တိကို ပြသနေတယ်၊ သမ္မတ ဗိုလိုဒီမာဟာ ရှေ့ဆောင်ရှေ့ရွက် ပြုနေတယ်”ဟု ဗိုလိုဒီမာ ဇယ်လန်စကီးနှင့်အတူ အတူရှိလျက် ရုပ်မြင်သံကြားသို့ ဘော်ရစ် ဂျွန်ဆင်က မှတ်ချက်ပြု ပြောခဲ့သည်။ 

ဂျွန်ဆင်၏ ယူကရိန်း ခရီးစဉ်သည် “မိမိတို့အတွက် အမှန်တကယ် ကြီးမားသော အထောက်အကူကို” ပေးကြောင်း ဗီနီဒစ်တိုဗာက ပြောရင်း အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးရန် ရောက်ရှိနေသည့် ရထားဘူတာရုံအား တိုက်ခိုက်ခံရမှု အပါအဝင် ရုရှကျူးကျော်သူများ၏ ရက်စက်ကြမ်းကြုတ်မှုများကို အသေးစိတ် ပြောဆိုသည်။ 

“အမှန်ပဲ ယူကရိန်းဒေသတိုင်းက မြေပြင်မှာ ကျွန်မတို့တွေ တွေ့မြင်နေရတာ ဖြစ်တယ်၊ ဒါဟာ စစ်ရာဇဝတ်မှုတွေပါ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပါ”ဟု အင်္ဂလိပ်ဘာသာဖြင့် ရှေ့နေချုပ်က ဆိုသည်။ 

တာဝန်ရှိသူများက လူပေါင်း ၅၂ ဦး သေဆုံးသည်ဟုဆိုထားသော ယူကရိန်းအရှေ့ပိုင်းက ရထားဘူတာရုံကို ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သည့် ရုရှတပ်များနှင့် ပတ်သက်ပြီး “ပြည့်စုံသည့် သက်သေ” ရှိထားသည်ဟုလည်း ၎င်းက ပြောသည်။ 

“ဒီ ဘူတာရုံတိုက်ခိုက်မှုဟာ ကျွန်မတို့ စုံစမ်းစစ်ဆေးမှုထဲက တစ်ခုပဲ ဖြစ်လိမ့်မယ်”ဟု ဗီနီဒစ်တိုဗာက ဆိုသည်။ 

“ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာနဲ့ပတ်သက်ပြီး ကျွန်မတို့ အမှုပေါင်း ၅,၆၀၀ ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီ ဖြစ်တယ်၊ ရုရှအစိုးရနဲ့ စစ်တပ်က သံသယရှိသူ ၅၀၀ လောက် ပါဝင်နေတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

“ဗလာဒီမာ ပူတင်ဟာ ၂၁ ရာစုရဲ့ အဓိက စစ်ရာဇဝတ်မှု ကျူးလွန်သူပဲ”ဟု သူက ပြောရင်း သမ္မတအဖြစ် ပူတင်သည် နိုင်ငံတကာဥပဒေအရ တရားစွဲဆိုခြင်းမှ ကင်းလွတ်နေဦးနိုင်သော်လည်း အမြဲတမ်းတော့ ရေရှည်ဖြစ်မသွားနိုင်ဟု ထပ်လောင်းပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required