အင်ဒိုနီးရှား- အမေရိကန် စစ်ရေးလေ့ကျင့်မှု၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်သားများ ပါဝင်မည် 

အင်ဒိုနီးရှား- အမေရိကန် စစ်ရေးလေ့ကျင့်မှု၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်သားများ ပါဝင်မည် 
Photo - AFP

ဧပြီ ၁၁

ဒေသတွင်း တရုတ်နှင့် တင်းမာမှုများ ဆက်လက်ဖြစ်တည်နေစဉ် ယခုနှစ် အင်ဒိုနီးရှားနှင့် အမေရိကန်တို့၏ နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း တစ်ဒါဇင်ကျော် ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောသည်။ 

ဗြိတိန်၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့ အပါအဝင်ဖြစ်သည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်သားများ ပါဝင်မည့် “Garuda Shield” ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြေပြင်စစ်ရေးလေ့ကျင့်မှုများ၊ ကမ်းတက်စစ်ရေးလေ့ကျင့်မှုများကို ဩဂုတ် ၁ မှ ၁၄ ရက်အထိ အင်ဒိုနီးရှား၏ တောင်ပိုင်း ဆူမတြားကျွန်းစုများနှင့် အရှေ့ပိုင်း ဘော်နီယိုကျွန်းများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစစ်တပ်က ပြောသည်။ 

စစ်ရေးလေ့ကျင့်မှု၌ စစ်သား ၃,၀၀၀ နီးပါး ပါဝင်မည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။ 

Garuda Shield စစ်ရေးလေ့ကျင့်မှုကို ၂၀၀၉ က စတင်ချိန်မှစပြီး ယခုနှစ်သည် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်လိမ့်မည်ဟု အင်ဒိုနီးရှား စစ်တပ်ပြောခွင့်ရသူ အဲလ်ဘတ် တမ်ဘန်နန်းက အေအက်ဖ်ပီသို့ တနင်္ဂနွေနေ့တွင် ပြောသည်။ 

ယခုနှစ်၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းသည် တရုတ်နှင့် အငြင်းပွားရေပြင်အရေး တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့်အတူ အမေရိကန်နှင့် အာရှပစိဖိတ်နိုင်ငံအချို့ကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းကို ပြသလျက်ရှိနေသည်။ 

တရုတ်က ရေပိုင်နက်အားလုံးနီးပါး ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော အရေးပါသည့် တောင်တရုတ်ပင်လယ် ရေပြင်အရေး တင်းမာမှုက ဒေသတွင် ဖြစ်တည်နေပြီး တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့ကြား အငြင်းပွားမှု၏ အဓိကအဖြစ် ရှိနေသည်။ 

သို့ရာတွင် ယခု ချဲ့ထွင်သော စစ်ရေးလေ့ကျင့်မှုသည် အင်ဒိုနီးရှားစစ်တပ်၏ စွမ်းရည်နှင့် မိတ်ဖက်များနှင့် ကျယ်ပြန့်သော ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ခြင်းအဖြစ် ဂျကာတာရှိ အမေရိကန်သံရုံးမှ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုရုံး အကြီးအကဲ အန်း ဖရန့်စစ်က ပြောသည်။ 

“ဒီစစ်ရေးလေ့ကျင့်မှုက ပြသနေတာဟာ အမေရိကန်ဟာ အင်ဒိုနီးရှားနဲ့ ကြီးထွားလာတဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ရှိထားတာကို ပြသတာပါပဲ”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

ယခု စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြမည့် နိုင်ငံများ၏ စာရင်းအပြည့်အစုံကိုမူ ထုတ်ပြန်သေးခြင်း မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly