ပလက်ဝမြို့နယ် ဒေသခံ  ၂၇ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များချမှတ်

ပလက်ဝမြို့နယ် ဒေသခံ  ၂၇ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များချမှတ်

ဧပြီလ ၁၀ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တိုင်ဝအုပ်စု ပါးဝကျေးရွာသားများနှင့် မြို့ပေါ်တွင် ဖမ်းဆီး ခံထားရသူ ၂၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ မြို့နယ် တရားရုံးက ဧပြီလ ၆ ရက်နေ့တွင် ထောင်ဒဏ် အမိန့်ချမှတ်ပြီး နောက်တစ်နေ့တွင် စစ်တွေထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်း ဆမီးမြို့ အတွင်းရှိ တိုင်ဝအုပ်စု ပါးဝကျေးရွာသား ဘာသာရေး ဆရာတော် အပါအဝင် ပညာရေးဝန်ထမ်း နှစ်ဦးနှင့် တောင်သူ ၁၈ ဦး စုစုပေါင်း ၂၁ ဦးကို  ဒေသခံကာကွယ်ရေးတပ် CDF များနှင့် ဆက်သွယ်သည် ဆိုကာ ပုဒ်မ  ၅၀(က) ဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ယင်း ၂၁ ဦးအနက် သုံးဦးကို ထောင်ဒဏ် ခုနစ်နှစ်နှင့် ၁၈ ဦးကို ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

''ပလက်ဝမှာ အချုပ်ခန်း ရှင်းတယ်လို့တောင် ထင်ရတယ် ။ တော်တော်များများကို မြို့နယ်တရားရုံးက ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီး အားလုံးပေါင်း၂၇ ဦးကို စစ်တွေထောင်ကို ပို့လိုက်တယ်။ အဲဒီထဲမှာ အမျိုးသမီး နှစ်ဦးပါတယ်။ အများစုက မတရား ဖမ်းဆီးခံရတဲ့ သူတွေ ဖြစ်တယ်၊ လူသတ်မှုနှင့် ထောင်ချခံရတဲ့ အမျိုးသမီးဆိုရင် တကယ် သနားဖို့ကောင်းတယ်။ သူက စိတ်မမှန်တော့ ပုံမှန် ဆေးသောက်နေရတယ်၊ သူ့သောက်ဆေးတွေကို ပလက်ဝကနေ တစ်ဆင့် စက်လှေနှင့် ယူရတာပေါ့၊ အဲဒါကို စစ်တပ်က ဆေးတွေ ယူခွင့်မပေးဘူး။ ဆေးပြတ်သွားတော့ စိတ်ကမမှန်ဘူး ဖြစ်သွားတယ်။ နောက်ဆုံး စိတ်ဖောက်ပြီး သူ့ကလေးကို သူပြန်သတ်တဲ့ ပုံစံ ဖြစ်သွားတယ် '' ဟု ပလက်ဝမြို့ခံ တစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့က ပလက်ဝ  မြန်မာ့စီးပွားရေးဘဏ်နှင့် ထွေအုပ်ရုံးရှေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လူငယ် လေးဦးကို ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ကြောင်း နယ်မြေခံ စစ်တပ်ရင်းတွင် အလံဖြူထောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာများတွင် အင်တာဗျူး ဖြေသူကိုလည်း ထောင်သုံးနှစ် ချမှတ်ခဲ့ရာ ဒေသခံ စုစုပေါင်း ၂၇ ဦး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required