နယ်စပ်ထိန်းချုပ်မျဉ်းနေရာတွင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို အိန္ဒိယစစ်တပ် ပြန်လည်သုံးသပ်

နယ်စပ်ထိန်းချုပ်မျဉ်းနေရာတွင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို အိန္ဒိယစစ်တပ် ပြန်လည်သုံးသပ်

အိန္ဒိယနိုင်ငံတွင် နွေရာသီသို့ စတင်ဝင်ရောက်လာသော်လည်း လာဒက်ဒေသအရှေ့ပိုင်း တွင် ၂၂ လကြာ ဖြစ်ပွားနေဆဲ ဖြစ်သည့် တင်းမာမှုသည် လျော့ကျသွားမည့် အရိပ်လက္ခဏာမတွေ့ရသေးသောကြောင့် အိန္ဒိယကြည်းတပ်နှင့် လေတပ် တပ်မှူးများက စစ်ဆင်ရေးအခြေအနေ၊ စစ်ရေးအရ အသင့်ထားရှိမှုနှင့် တရုတ်နှင့် ထိစပ်နေသည့် မြောက်ပိုင်းနယ်စပ်များတွင် စစ်ရေးအခြေအနေ မဟာဗျူဟာများကို မတ် ၂၉ ရက်က အသေးစိတ် ပြန်လည်သုံးသပ်ခြင်း စတင်လုပ်ဆောင်ခဲ့ကြသည်။

လက်က်နိုးမြို့ရှိ ဗဟိုကွပ်ကဲရေးဌာနချုပ်တွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲသို့ ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗန်နေး တက်ရောက်ခဲ့သည်။ ကြည်းတပ် ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မနော့ပန်ဒေး၊ ကြည်းတပ်အသီးသီးမှ တပ်မှူးများနှင့် လာဒက်ခ်မှ အာရွန်ချယ်ပရာဒေ့ရှ် ပြည်နယ်အထိ အရှည် ၃၄၈၈ ကီလိုမီတာရှိ နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်ရှိ အိန္ဒိယလေတပ်မှ တပ်မှူးများလည်း ပါဝင် တက်ရောက်ခဲ့သည်။

“ဗိုလ်ချုပ်ကြီး ဗန်နေအနေနဲ့ နိုင်ငံမြောက်ပိုင်း နယ်စပ်နဲ့ ပါကစ္စတန်နဲ့ နယ်စပ်ဖြစ်တဲ့ အနောက်ဘက်မှာ တပ်ဖွဲ့များ ချထားမှုနဲ့ ပတ်သက်ပြီး ပြန်လည်စစ်ဆေးသွားမှာဖြစ်သလို ဆောင်းရာသီကနေ နွေရောက်လာတဲ့ အချိန်မှာ ပြင်ဆင်နေရာချထားမှုတွေ လုပ်ဆောင်သွားမှာပါ။ တရုတ်အရေးကိုတော့ အဓိက ဆွေးနွေးရာမှာ စစ်တပ်နေရာချထားမှုနဲ့ အင်အားအခြေအနေတို့ ပါဝင်ပါမယ” ဟု အကြီးတန်း စစ်တပ်အရာရှိတစ်ဦးက မတ် ၂၈ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

နောက်ဆုံး စမ်းစစ်လေ့လာမှုများအရ တရုတ်စစ်တပ်က လာဒက်ခ် ရှေ့တန်း စစ်မျက်နှာ တစ်လျှောက်တွင် တပ်ဖွဲ့ဝင် ၄၅၀၀၀ မှ ၅၀၀၀၀ အထိ ချထားသလို နိုင်ငံအရှေ့ပိုင်း နယ်စပ်ထိန်းချုပ်မျဉ်းတွင်လည်း အင်အား ၁၀၀၀၀ မှ ၁၂၀၀၀ အထိ ချထားသည်။ အိန္ဒိယနှင့် ကပ်နေသည့် တရုတ် လေတပ်များတွင်လည်း စစ်အင်အားများကို စနစ်တကျ ချထား လျက်ရှိသည်။

ယူကရိန်း ပြဿနာဖြစ်ပွားပြီးနောက် တရုတ်အနေဖြင့် ပိုမိုလက်ရဲဇက်ရဲ ရှိလာနိုင်သောကြောင့် တရုတ်စစ်တပ်၏ လက်ရှိ ပြုလုပ်နေသည့် နွေရာသီ စစ်ရေးလေ့ကျင့်မှုများကိုလည်း အိန္ဒိယက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် မေလက တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း အရှေ့ပိုင်း လာဒက်ခ်ဒေသအတွင်းသို့ အကြိမ်များစွာ ကျူးကျော်ဝင်ရောက်ခဲ့ကာ အသင့် ပြင်ဆင်မထားသည့် အိန္ဒိယတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သည်။

ထိုအချိန်မှစ၍ အိန္ဒိယက LAC တွင် တပ်ဖွဲ့နှင့် လက်နက်အင်အားတို့ကို ပြန်လည်ချိန်ညှိချထားခဲ့ကာ နိုင်ငံအနောက်ပိုင်း ပါကစ္စတန်နယ်စပ်မှ အရှေ့ပိုင်း တရုတ်ဘက်သို့ အဓိက အာရုံစိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly