တရုတ်မှ ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက် အခက်ကြုံနေဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

တရုတ်မှ ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက် အခက်ကြုံနေဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

ရေငုပ်သင်္ဘောအတွက်လိုအပ်သော တွန်းကန်အားစနစ်အတွက် ဂျာမန်ကုမ္ပဏီထံမှ လိုအပ်သော ပစ္စည်းကို မရရှိသောကြောင့် ထိုင်းသည် တရုတ်ထံမှ ရေငုပ်သင်္ဘောတစ်စီး ဝယ်ယူမည့်အစီအစဉ် ပျက်ပြယ်သွား နိုင်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။

တရုတ်သည် ဝယ်ယူမှု သဘောတူညီချက်တွင် သတ်မှတ်ထားသည့် အင်ဂျင်များကို တပ်ဆင်နိုင်ခြင်းမရှိပါက ရေငုပ်သင်္ဘောဝယ်ယူရေးသဘောတူညီချက်သည် ပျက်ပြယ်နိုင်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဧပြီ ၄ ရက်တွင် သတိပေးခဲ့သည်။

တော်ဝင်ထိုင်းရေတပ် (RTN) အတွက် တည်ဆောက်နေသည့် S26T Yuan-အတန်းအစား ရေငုပ်သင်္ဘောတွင် တပ်ဆင်ရန် တရုတ်နိုင်ငံသို့ MTU396 ဒီဇယ်အင်ဂျင်များ ရောင်းချပေးရန် ဂျာမန်ကုမ္ပဏီမှ ငြင်းဆိုခဲ့သည့် သတင်းများအပေါ် သတင်းထောက်များကမေးရာတွင် ပရာယွတ်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က သဘောတူညီချက် အချိန်မီ ပြီးမြောက်ရေး အစွမ်းကုန်လုပ်ဆောင်ရန် ရေတပ်အား ညွှန်ကြားခဲ့သော်လည်း တရုတ်က မဖြည့်ဆည်းပေးနိုင်ပါက စာချုပ်ကို ဖျက်သိမ်းရလိမ့်မည်ဟု ဆိုကြောင်း Bangkok Post က ဖော်ပြခဲ့သည်။

စာချုပ်ကို အစိုးရက ရပ်စဲနိုင်သလားဟူသော မေးခွန်းနှင့်ပတ်သက်၍ အဆိုပါကိစ္စအား သက်ဆိုင်ရာအာဏာပိုင်များက ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး ဝယ်ယူရေးလုပ်ငန်းစဉ်နှင့်အညီ ဝန်ကြီးချုပ်အနေဖြင့် အဆင့်တိုင်းတွင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ဟု ပရာယွတ်က ပြောသည်။

ဧပြီ ၂ ရက်က ရေတပ်ဦးစီးချုပ် အဒမ်ဆွမ်ပရာဆန်နီဆာမိုင်က ရေငုပ်သင်္ဘောသဘောတူစာချုပ်တွင် အပြောင်းအလဲတစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်းနှင့် တရုတ်နိုင်ငံသည် လက်မှတ်ရေးထိုးထားသည့်အတိုင်း အဆိုပါစာချုပ်ကို လိုက်နာရမည်ဟု အခိုင်အမာပြောဆိုခဲ့သည်။

သဘောတူညီချက်အရ ရေငုပ်သင်္ဘော၏အင်ဂျင်များကို ဂျာမနီနိုင်ငံ MTU ကုမ္ပဏီမှ ပံ့ပိုးပေးရမည်ဖြစ်သော်လည်း ၎င်းတို့အား စစ်ရေး/ကာကွယ်ရေးပစ္စည်းဟု သတ်မှတ်ထားခြင်းကြောင့် ကုမ္ပဏီသည် ကုန်သွယ်ခွင့်ပိတ်ပင်မှုအရ ရောင်းခွင့်မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly