ပြင်သစ်တွင် သမ္မတရွေးကောက်ပွဲ မဲပေးမှု စတင်

ပြင်သစ်တွင် သမ္မတရွေးကောက်ပွဲ မဲပေးမှု စတင်
Photo - Google

ဧပြီလ ၁၀ ရက်

ပြင်သစ်တွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့ မဲပေးပွဲများကို ဧပြီ ၁၀ ရက်တွင် စတင် ကျင်းပနေပြီ ဖြစ်သည်။ ယခု ရွေးကောက်ပွဲ ပထမအကျော့ မဲပေးမှုများကနေတစ်ဆင့် လက်ရှိသမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် လက်ယာစွန်းခေါင်းဆောင် မာရင်းလီပန် တို့အကြား နောက်တစ်ဆင့် ဆက်ပြိုင်ရလိမ့်မည်ဟု ခန့်မှန်းထားပြီး ယင်း နောက်တစ်ဆင့် ပြိုင်ဆိုင်မှုက ၎င်းတို့နှစ်ဦး လွန်ခဲ့သည့် ငါးနှစ်က ယှဉ်ပြိုင်ခဲ့ရမှုထက် ပိုပြီး အကြိတ်အနယ်ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြသည်။

ယူကရိန်းအပေါ် ရုရှ ကျူးကျော်မှုကိစ္စက ရွေးကောက်ပွဲမဲဆွယ်မှုများအပေါ် လောင်းရိပ်ကျခဲ့ပြီးနောက် ပြင်သစ်၏ ပင်မနယ်မြေတွင် မဲရုံများကို စတင်ဖွင့်လှစ်ခဲ့သည်။ မဲပေးသူရာခိုင်နှုန်းက အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခြင်းနှင့်အတူ ကြိုတင်မမှန်းနိုင်သော ရလဒ်များဆီ ဦးတည်စေနိုင်သည်ဟု အကဲခတ်များက သတိပေးထားသည်။

အချိန် ကွာဟချက်ကို ထည့်တွက်လျက်ဖြင့် ပြင်သစ်၏ ပင်လယ်ရပ်ခြားပိုင်နက်နယ်မြေများတွင် မဲပေးမှုများကို စနေနေ့ကတည်းက စတင်ခဲ့ကြသည်။ ကနေဒါ ကမ်းရိုးတန်း၏ မလှမ်းမကမ်းရှိ ကျွန်းငယ်လေးဖြစ်သည့် စိန့် ပီရာရီနှင့် မီကွီလွန်၊ ကာရစ်ဘီယန်ရှိ နယ်မြေများ နှင့် ပစိတ်သမုဒ္ဒရာထဲရှိ ပြင်သစ်၏ ကျွန်းများတွင် မဲပေးမှုများ စတင်ထားခဲ့သည်။

အကြို လူထုစစ်တမ်းများအရ ရွေးကောက်ပွဲ ပထမအကျော့တွင် မက်ခရွန်က လီပန်အပေါ် မဲရာခိုင်နှုန်း အနည်းငယ်အသာဖြင့် ဦးဆောင်လိမ့်မည် ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ဧပြီ ၂၄ ရက် ဒုတိယအကျော့ မဲပေးမှုတွင် ဆက်ပြိုင်ရလိမ့်မည်ဟု ခန့်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် လက်ဝဲစွန်း ကိုယ်စားလှယ်လောင်း ယန်းလက် မီလန်ချွန်းက တတိယနေရာကနေ ၎င်းတို့နှစ်ဦးနောက် ကပ်လိုက်နေပြီး ၎င်းအနေဖြင့် လီပန် သို့မဟုတ် ယုတ်စွအဆုံး မက်ခရွန်ကို ကျော်ဖြတ်ပြီး ဒုတိယအကျော့ ယှဉ်ပြိုင်မှုအဆင့်ဆီ ရောက်ရှိနိုင်သည့် ၎င်း၏ အခွင့်အလမ်းများအတွက် မျှော်မှန်းထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required