နေရပ်ပြန်လိုသူများပြား၍ ပုသိမ်-ရန်ကုန် ကားလမ်းမတစ်လျှောက် ကားအစီးရေ ရာချီ ပိတ်ဆို့

နေရပ်ပြန်လိုသူများပြား၍ ပုသိမ်-ရန်ကုန် ကားလမ်းမတစ်လျှောက် ကားအစီးရေ ရာချီ ပိတ်ဆို့

ဧပြီ ၉

သင်္ကြန်ပိတ်ရက်တွင် ရန်ကုန်မှ နေရပ်ပြန်လိုသူများ များပြားနေပြီး ပုသိမ်-ရန်ကုန်ကားလမ်းမ တစ်လျှောက်တွင် ယနေ့ ဧပြီလ ၉ရက်နေ့ နံနက် ၇ နာရီခန့်က စတင်၍ ကားအစီးရေ ရာချီ ပိတ်ဆို့နေကြောင်း သိရသည်။

ဧရာဝတီတိုင်းမှလုပ်သားများ သင်္ကြန်အတွင်း နေရပ်ပြန်လိုသူ များပြားနေခြင်းကြောင့် ရန်ကုန်မြို့ ဘုရင့်နောင် တံတားအနီးမှ လှိုင်သာယာ အဝေးပြေးဝင်း အကျော်ထိ ကားအစီးရေ ရာချီ ပိတ်ဆို့နေပြီး ထန်းတပင်စစ်ဆေးရေးဂိတ် ပန်တိုင်စစ်ဆေးရေးဂိတ်များ အနီးတွင်လည်း ကားအစီးရေအများအပြား ပိတ်ဆို့နေကြောင်း သိရသည်။

“မနက် ၅ နာရီထဲက ရန်ကုန်ကနေ ထွက်လာတာ။ လှိုင်သာယာမှာ ပိတ်တယ်။ ထန်းတပင်မှာ ပိတ်တယ်။ ပန်တိုင်မှာတော့ အဆိုးဆုံးပဲ။ အတက်ကားရော အဆင်းကားရော အတော်များတယ်။ ရန်ကုန်ကနေဆင်းလာတဲ့ အဆင်းကားက ပိုများတယ်။ မောင်းလို့တောင်မရတော့လို့ ကားတွေ ရပ်ထားရတယ်။ စစ်ဆေးရေးဂိတ်တွေမှာလည်း ဟိုကောင်တွေ(စစ်ကောင်စီ) ရစ်တာနဲ့ ပိုဆိုးနေတာ”ဟု ရန်ကုန်မြို့မှ ပုသိမ်မြို့ကို သွားရောက်မည့် မော်တော်ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်များတွင် မှတ်ပုံတင်စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်အချို့ကို တံခါးများ ဖွင့်ခိုင်းကာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း သိရသည်။

“မှတ်ပုံတင် မပါတဲ့သူတွေကို ဆဲဆိုပြီး ပိုက်ဆံတောင်းတယ်။ ပေးမသွားခိုင်းတာတော့ မတွေ့မိဘူး။ ကားတွေမှာ အိမ်စီးကားတွေကို အရှာများတယ်။ ကားကြီးတွေကိုတော့ သိပ် မရှာဘူး။ ကားကတော့ ဆက်မောင်းလို့ မရတဲ့အထိ ပိတ်နေလို့ စက်ပါရပ်ထားကြရတယ်။ ကားလမ်းရှင်းပေးတဲ့ အဖွဲ့တွေလည်း မရှိဘူး။ အဆိုးဆုံးက ပန်တိုင်ပဲ”ဟု မော်တော်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယင်းသို့ ကားရာချီပိတ်ဆို့မှုအား ရှင်းလင်းပေးသည့် အဖွဲ့များ မရှိ၍ အရေးပေါ် လူနာတင်ကား အချို့ပါ ရပ်တန့်နေရသည်။

#Mizzima

#ရန်ကုန်_ပုသိမ်ကားလမ်းမ

#ကားရာချီပိတ်ဆို့

#သင်္ကြန်နေရပ်ပြန်

#ငွေကြေးတောင်းခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly