ပါကစ္စတန်တွင် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်နေဟု ဆို

ပါကစ္စတန်တွင် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်နေဟု ဆို

ဧပြီ ၉

ပါကစ္စတန်နိုင်ငံတွင် ဘာသာရေးအကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရဘက်မှ ထိန်းချုပ်နိုင်စွမ်း မရှိခြင်းနှင့်အတူ ပြီးခဲ့သည့်နှစ်များအတွင်း ယင်းကဲ့သို့ဖြစ်စဉ်များက ကြောက်စရာကောင်းသည့် အခြေအနေတစ်ခုသို့ မြင့်တက် လာခဲ့ကြောင်း နယူးယောက်တိုင်းမ်၏ သတင်းတစ်ပုဒ်က ဖော်ပြသည်။

အထူးသဖြင့် ဘာသာရေးစော်ကားမှုကို သေဒဏ် ပြစ်ဒဏ်ပေးနိုင်သော ပါကစ္စတန်တွင် အစ္စလမ်ဘာသာအပေါ် စော်ကားကျူးလွန်သည့် ပြစ်မှုများကို လူအုပ်ဖြင့် တရားလက်လွတ်စစ်ဆေး၍ သေဒဏ်ပေးမှုများက အသစ်အဆန်း မဟုတ်သလို လူအုပ်စုများသည်လည်း ဘာသာရေးစော်ကားမှု ဆန့်ကျင်တိုက်ဖျက်ရေး ဥပဒေများကို အသုံးချပြီး ကိစ္စရပ်များကို ၎င်းတို့လက်ထဲ၌ ကိုင်တွယ်လုပ်ဆောင်နေကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်တွင် အကြမ်းဖက်မှုကို ထိန်းချုပ်မည် ဆိုပြီး အီမရန် ခန်း အစိုးရ ပြောကြားချက်များသည် ပါးစပ်ပြောမျှသာ ဖြစ်နေပြီး ၎င်းသည်လည်း ယခင်ဝန်ကြီးချုပ်များကဲ့သို့ပင် လက်တွေ့ကျသည့် လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်ထားနိုင်ခြင်း မရှိဟု ဝေဖန်သူများနှင့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ပြောသည်။

 “ဘာသာရေးစော်ကားမှု ဥပဒေတွေအပေါ် အမြတ်ထုတ်မှု၊ အလွဲသုံးစားလုပ်မှုနဲ့ အလွဲအသုံးပြုမှုတို့ကို တားဆီးရာမှာ နိုင်ငံရေး စိတ်ဆန္ဒနဲ့ ကတိပေးလုပ်ဆောင်မှုတို့ မရှိတာက အကြီးမားဆုံး အဟန့်အတား ဆက်ဖြစ်နေပါတယ်” ဟု အစ္စလမ်မာဘတ်အခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် တာဟီရာ အဗ္ဗဒူလာ၏ ပြောကြားချက်ကို ယင်းသတင်းဌာနက ကိုးကားဖော်ပြသည်။

ဘာသာရေး အကြမ်းဖက်မှု၏ အန္တရာယ်ကို ကိုင်တွယ်မည်ဆိုပြီး ကတိပေးမှုအပိုင်းတွင် အီမရန် ခန်း အစိုးရသည် ယခင်အစိုးရများနှင့် သိပ်မကွာလှကြောင်း သူမက ပြောသွားခဲ့သည်။

သို့သော် “ပါလီမန်မှာ ဩဇာရှိ ဘာသာရေးပါတီတွေနဲ့ ပါလီမန်ပြင်ပမှာ ရှိနေတဲ့ စစ်သွေးကြွ အစွန်းရောက်အုပ်စုတွေနဲ့ ရင်ဆိုင်ဖို့အတွက်ကတော့ အင်မတန် သူရဲဘောကြောင်လှပါတယ်” ဟု သူမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly