နိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန်တွင် ပါကစ္စတန်၏ အမျိုးသားလုံခြုံရေးအကြံပေး ရာထူးမှ နုတ်ထွက်

နိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန်တွင် ပါကစ္စတန်၏ အမျိုးသားလုံခြုံရေးအကြံပေး ရာထူးမှ နုတ်ထွက်

ဧပြီ ၉

ပါကစ္စတန်နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းများဖြစ်ပေါ်နေချိန်တွင် နိုင်ငံ၏ အမျိုးသားလုံခြုံရေးအဖွဲ့ (NSA) ၏ အကြံပေး မိုအိဒ် ယူဆက်ဖ်သည်  ဧပြီ ၄ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

 “ကျွန်တော် ဒီနေ့ ရာထူးက နုတ်ထွက်လိုက်ပါပြီ။ အလွန်လည်း အားရကျေနပ်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ NSA ရုံးနဲ့ အမျိုးသားလုံခြုံရေးဌာနတို့ဆိုတာက နိုင်ငံအတွက် ဆက်လက်ဂုဏ်ယူရစေမယ့် ထူးကဲ အမှုထမ်းအဖွဲ့တစ်ခုရှိတဲ့ တက်ကြွတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကို ကျွန်တော် သိနေလို့ပါ” ဟု ၎င်းက တွစ်တာတွင် ရေးသည်။

ထို့ပြင် NSA ရာထူးဖြင့် တာဝန်ထမ်းခွင့်ပြုခဲ့သည့်အတွက် ဝန်ကြီးချုပ် အီမရန် ခန်းကိုလည်း ကျေးဇူးတင်ကြောင်း ယူဆက်ဖ်က ပြောခဲ့သည်။

 “အမျိုးသားလုံခြုံရေး အကြံပေးရုံး နဲ့ အမျိုးသားလုံခြုံရေးဌာန/ မဟာဗျူဟာ မူဝါဒ အစီအစဉ်ရေးဆွဲမှုဌာနတို့မှာ အမျိုးသားရေးအတွက် ထောက်ကူပံ့ပိုးနိုင်အောင် ကျွန်တော့်ကို တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။

ပါကစ္စတန်တွင် ဧပြီ ၃ ရက်က သမ္မတ အရစ်ဖ် အယ်လ်ဗီက ဝန်ကြီးချုပ်ခန်း၏ အကြံပေးချက်အရ ပါလီမန်ကို ဖျက်သိမ်းခဲ့သည်။ ပါကစ္စတန်အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတစ်ရပ် တင်သွင်းရန် ကြိုးပမ်းမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ  ပါလီမန် ဒုတိယဥက္ကဋ္ဌက ပယ်ချပြီးနောက် မိနစ်ပိုင်းအကြာတွင် အီမရန်ခန်းက အကြံပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required