ရထားဘူတာရုံကို ရုရှ၏ ဒုံးကျည်တိုက်ခိုက်မှုအား ကမ္ဘာက ပြင်းထန်စွာ တုံ့ပြန်ရန် ယူကရိန်း တောင်းဆို 

ရထားဘူတာရုံကို ရုရှ၏ ဒုံးကျည်တိုက်ခိုက်မှုအား ကမ္ဘာက ပြင်းထန်စွာ တုံ့ပြန်ရန် ယူကရိန်း တောင်းဆို 

ဧပြီ ၉

ယူကရိန်း အရှေ့ပိုင်းကို ရုရှက ထိုးစစ်ဆင်လာမည့် ခြိမ်းခြောက်မှုကြောင့် ရွှေ့ပြောင်းထွက်ပြေးရန် ကြိုးစားကြသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် အသက်ကြီးပိုင်းများ ရောက်ရှိနေရာ ရထားဘူတာရုံကို ဒုံးကျည်တိုက်ခိုက်၍ လူပေါင်း အနည်းဆုံး ၅၂ ဦး သေဆုံးရသည်ဟု ယူကရိန်းက ရုရှကို အပြစ်ဆိုပြီးနောက်တွင် လက်နက်များ ပိုမိုထောက်ပံ့ရန်နှင့် ရုရှအပေါ် ပို၍ပြင်းထန်စွာ ဒဏ်ခတ်ပိတ်ဆို့ရန် ယူကရိန်းနိုင်ငံက တောင်းဆိုလာခဲ့သည်။ 

အရှေ့ပိုင်း ဒွန်နက်စ်ဒေသ ကရာမာတောစ်မြို့တွင် ဖြစ်ပွားသော ယင်း တိုက်ခိုက်မှုက အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သည်ဟု သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ တိုက်ခိုက်ခံရချိန်၌ ရထားဘူတာရုံတွင် လူပေါင်း ၄,၀၀၀ ခန့် ရှိနေသည်ဟု မြို့တော်ဝန်က ခန့်မှန်းသည်။ 

ဥရောပကော်မရှင် ဥက္ကဋ္ဌ အောဆူလာ ဗွန် ဒါ လီယန်က စည်းလုံးညီညွတ်မှုကို ပြသရန်နှင့် ယူကရိန်း၏ အဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ကိယက်ဗ်တို့ ရောက်ရှိနေစဉ် တစ်နေ့တည်း၌ ဖြစ်ပွားသော ယခု တိုက်ခိုက်မှုအား အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့က ရှုတ်ချထားကြသည်။ 

“ဒီ စစ်ရာဇတ်မှုကို ကမ္ဘာက ခိုင်ခိုင်မာမာ တုံ့ပြန်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု သောကြာနေ့နှောင်းပိုင်း ဗီဒီယိုတစ်ရပ်၌ ဇယ်လန်စကီးက ဆိုသည်။ 

“ယူကရိန်းဆီ စစ်လက်နက်တွေ ပေးပို့ရာမှာ ဘယ်လို နှောင့်နှေးမှုမဆို၊ ဘယ်လို ငြင်းပယ်မှုမဆိုဟာ နိုင်ငံရေးသမားတွေကို မေးခွန်းထုတ်စရာပဲ ဖြစ်တယ်၊ ကျွန်တော်တို့ကိုထက် ရုရှခေါင်းဆောင်ကို ကူညီချင်သလားဆိုပြီး မေးရလိမ့်မယ်”ဟု ၎င်းက ပြောပြီး ရုရှအပေါ် စွမ်းအင်ကုန်သွယ်မှု ပိတ်ပင်ခြင်းနှင့် ရုရှဘဏ်အားလုံးကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှ ဖြတ်တောက်ပစ်ရန်လည်း တောင်းဆိုသည်။ 

ဘူတာရုံးအား တိုက်ခိုက်ခဲ့သည့် ဒုံးကျည်သည် လေလယ်တွင် ပေါက်ကွဲပြီး ကျယ်ပြန့်သည့် ဧရိယာကို ဗုံးဆန်များ ပြန့်ကျဲကျရောက်စေသည့် ပဒေသာဗုံးများ ပါရှိသော တာတိုပဲ့ထိန်းဒုံးကျည် Tochka U ဖြစ်သည်ဟု ဌာနေအုပ်ချုပ်ရေးမှူး ပါဗလို ကိုင်ရိုင်လန်ကိုက ပြောသည်။ 

အဆိုပါ ဘူတာရုံတွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ရိုက်တာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။ 

ရုရှ၏ သီတင်းခြောက်ပတ်ကျော် ကြာမြင့်နေသည့် ကျူးကျော်စစ်၌ ပြည်ပသို့ ထွက်ပြေးရသည့် ယူကရိန်းပြည်သူပေါင်း ၄ သန်းကျော်ထက်မနည်း ရှိပြီး သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများ ထောင်ပေါင်းများစွာ ရှိနေသည်။ လူဦးရေ၏ လေးပုံတစ်ပုံခန့်လည်း အိမ်ရာမဲ့ ဖြစ်ခဲ့သည်။ ရုရှမျှော်မှန်းသည်ထက် ပို၍ ကြာရှည်နေသည့် စစ်ပွဲအတွင်း မြို့များစွာလည်း ပျက်စီးရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required