ဆလိုဗက်ကီးယားက ယူကရိန်းကို S-300 လေကြောင်းရန်ကာစနစ် ပေးပို့ထား 

ဆလိုဗက်ကီးယားက ယူကရိန်းကို S-300 လေကြောင်းရန်ကာစနစ် ပေးပို့ထား 

ဧပြီ ၉

ဆလိုဗက်ကီးယားနိုင်ငံသည် ယူကရိန်းအား ရုရှ၏ တိုက်ခိုက်မှုကို ခုခံရာ၌ အထောက်အပံ့ဖြစ်ရန် S-300 လေကြောင်းရန်ကာစနစ် ပေးပို့ထားကြောင်း ဝန်ကြီးချုပ် အက်ဒူရတ် ဟီဂါက ပြောသည်။ 

ယခုကဲ့သို့ ဆိုဗီယက်လုပ် လေယာဉ်ပစ် အမြောက်များ ပေးပို့လှူဒါန်းခြင်းသည် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင် ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် အိမ်နီးချင်း ယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်သည့် ရုရှနှင့် ပဋိပက္ခတွင် ပါဝင်လာခြင်း အဓိပ္ပာယ် မဟုတ်ကြောင်း ဟီဂါက သောကြာနေ့တွင် ဖေ့ဘုတ်၌ ပို့စ်ရေးသားသည်။ 

“ယူကရိန်းက အကူအညီပေးဖို့ မေတ္တာရပ်ခံတာကြောင့် S-300 လေကြောင်းရန်ကာစနစ်ကို ယူကရိန်းနိုင်ငံဆီ ဆလိုဗက်ကီးယားက ပေးပို့ထားတယ်ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်”ဟု ဟီဂါက ရေးသားသည်။ 

“ဒီ စနစ်ကို ပေးပို့လှူဒါန်းတာဟာ ယူကရိန်းရဲ့ လက်နက်ကိုင်တိုက်ပွဲမှာ ဆလိုဗက်ကီးယားက ပါဝင်လာတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး”ဟု ၎င်းက ဖြည့်စွက်ရေးသားသည်။ 

ယူကရိန်းနိုင်ငံသည် ရုရှစစ်တပ်၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို တွန်းလှန်ရာ၌ ကူညီရန်အတွက် လေကြောင်းကာကွယ်ရေး စစ်လက်နက်ပစ္စည်းများအပါအဝင် စစ်ရေးအကူအညီများပေးရန် အနောက်နိုင်ငံများအား မေတ္တာရပ်ခံထားသည်။ 

ရုရှ၏ ကျူးကျော်စစ်ကို တုံ့ပြန်ရန် စစ်လက်နက်များ အရှိန်မြင့်ပေးပို့ရေး ဘရပ်ဆဲလ်၌ ကျင်းပသော နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီချက် ရပြီးနောက် အမေရိကန်က ယူကရိန်းထံ လက်နက်စနစ်သစ်များ ပေးပို့မည်ဟု သောကြာနေ့တွင် ပြောသည်။ 

လက်နက်ပေးပို့ရာတွင် လုပ်ငန်းမတွင်ကျယ်စေသည့် နှောင့်နှေးမှုများကို အဆုံးသတ်ရန် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက တိုက်တွန်းပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က အမေရိကန်နှင့် အခြားသော နိုင်ငံ ၃၀ သည် ယူကရိန်းဆီ စစ်လက်နက်များ ပေးပို့နေပြီး လုပ်ငန်းစဉ်ကို အရှိန်မြှင့်သွားမည်ဟု ပြောလာခဲ့သည်။ 

အမေရိကန်အနေဖြင့် ယူကရိန်းဆီ လေယာဉ်ဖျက်စစ်လက်နက်များ၊ ပခုံးထမ်း တင့်ကားဖျက်လက်နက်များနှင့် သံချပ်ကာယာဉ်များ ပေးပို့သွားရန် သဘောတူထားပြီးဖြစ်ကြောင်းလည်း ဘလင့်ကင်က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required