စပါးတိုက်စစ်မှူး အဒီဘာယော ခရစ္စတယ်ပဲလေ့စ်သို့ ရောက်ရှိ

စပါးတိုက်စစ်မှူး အဒီဘာယော ခရစ္စတယ်ပဲလေ့စ်သို့ ရောက်ရှိ

လန်ဒန်၊ ဇန်နဝါရီ ၂၇ ။              ။ စပါးတိုက်စစ်မှူး အဒီဘာယောသည် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရာသီအကုန်အထိကစားရန် ရောက်ရှိသွားပြီ ဖြစ်သည်။

ယခုရာသီအစက စပါးအသင်းမှ ထုတ်ပယ်ခံထားရသည့် အဒီဘာယောသည် ပဲလေ့စ်အသင်းနှင့် ၁၈ လ သက်တမ်းရှိ သဘောတူညီမှုစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သော်လည်း ယခုရာသီ ၎င်း၏ခြေစွမ်း အပေါ်မူတည်၍ နောက်တစ်နှစ် စာချုပ်ချုပ်မည် မချုပ်မည်ကို ဆုံးဖြတ်မည် ဖြစ်သည်။

ပဲလေ့စ်အသင်းသည် အဒီဘာယောအတွက် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၇ သောင်း ပေးချေရမည် ဖြစ်သည်။ စပါးအသင်းကလည်း ၎င်းတို့နှင့် ကျန်ရှိနေသည့်စာချုပ်သက်တမ်း ဇွန်လအထိကို ပေါင်သုံးသောင်း ပေးချေရမည် ဖြစ်သည်။ စပါးအသင်းသည် အဒီဘာယောကို စာချုပ်ချုပ်ဆိုခဲ့ရာတွင် တစ်ပတ် ပေါင်တစ်သိန်းဖြင့် ချုပ်ဆိုထားခြင်း ဖြစ်သောကြောင့် ပေါင်သုံးသောင်း ပေးချေရခြင်း ဖြစ်သည်။

ပဲလေ့စ်အသင်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက်တွင် အဒီဘာယောက 'ပဲလေ့စ်အသင်းကို ပြောင်းရွှေ့နိုင်ပြီလို့ ဒီနေ့မှာ ကြေညာနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ အသင်းနဲ့ပူးပေါင်းပြီး ပရီးမီးယားလိဂ်မှာ နောက်တစ်ကြိမ်ပြန်ကစားဖို့ မစောင့်နိုင်တော့ပါဘူး' ဟု တွစ်တာတွင် ရေးသားခဲ့သည်။

လက်ရှိပဲလေ့စ်အသင်းတွင် တိုက်စစ်ကစားသမား ခြောက်ဦးအထိရှိနေသော်လည်း ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးသာသွင်းယူထားနိုင်သည်။ ပဲလေ့စ်အတွက် ဂိုးအများဆုံးသွင်းထားသူမှာ ကွင်းလယ်ကစားသမား ကာဘာယီဖြစ်ပြီး ငါးဂိုးသွင်းယူပေးထားသည်။

ထို့ကြောင့် ပဲလေ့စ်အသင်းသည် အားနည်းနေသည့်တိုက်စစ်ပိုင်းကို ဖြည့်တင်းရန် အဒီဘာယောကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်၊ မန်စီးတီး၊ ရီးယဲလ်နှင့် စပါးအသင်းတို့တွင် ကစားခဲ့ဖူးသော အဒီဘာယောသည် အတွေ့အကြုံပြည့်ဝသော တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း ၉၆ ဂိုးသွင်းယူထားသူ ဖြစ်သည်။ ၎င်း၏ကစားသမားဘဝတစ်လျှောက်တွင် စုစုပေါင်းသွင်းဂိုး ၁၇၆ ဂိုးသွင်းယူထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly