ပါကစ္စတန် လွှတ်တော်ဖျက်သိမ်းမှုကို တရားရုံးချုပ်က ပယ်ချလိုက်၍ ဝန်ကြီးချုပ် ခန်း ရာထူးမှ ဖြုတ်ချခံရမည့်အရေးနှင့် ရင်ဆိုင်လာရ

ပါကစ္စတန် လွှတ်တော်ဖျက်သိမ်းမှုကို တရားရုံးချုပ်က ပယ်ချလိုက်၍ ဝန်ကြီးချုပ် ခန်း ရာထူးမှ ဖြုတ်ချခံရမည့်အရေးနှင့် ရင်ဆိုင်လာရ
Photo - AFP

ဧပြီ ၈

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လွှတ်တော်ဖျက်သိမ်းသည့် လုပ်ဆောင်ချက်က ဥပဒေနှင့် မညီညွတ်ကြောင်း နိုင်ငံတော်တရားရုံးချုပ်က ဧပြီ ၇ ရက်တွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သဖြင့် ဝန်ကြီးချုပ် အီမရန် ခန်းအနေဖြင့် ယခုရက်ပိုင်းအတွင်း ရာထူးမှ ဖြုတ်ချခံရမည့်အရေး ရင်ဆိုင်လာရသည်။ ၎င်း၏ အစိုးရအပေါ် အယုံအကြည်မရှိ အဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ်မှုကို ဆက်လုပ်ရန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ခန်း၏ ညွန့်ပေါင်းအဖွဲ့သည် ပြီးခဲ့သည့်အပတ်က အမျိုးသားလွှတ်တော်၌ အများစု ထောက်ခံမှု ဆုံးရှုံးခဲ့ရသော်လည်း ခန်း အပေါ် အယုံအကြည်မရှိ အဆို တင်သွင်းမည့် အတိုက်အခံတို့၏ အားထုတ်မှုကို လွှတ်တော် ဒုဥက္ကဋ္ဌက ပိတ်ဆို့တားမြစ်ခဲ့သဖြင့် ၎င်းအနေဖြင့် ရာထူးမှ ဖယ်ရှားခံရမည့်အရေးကနေ ရှောင်လွဲထားနိုင်ခဲ့ကာ ယင်းနောက် သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပရန် ညွှန်ကြားခဲ့သည်။

“အဆိုပါ ဆောင်ရွက်ထားခဲ့တဲ့ လုပ်ဆောင်ချက်အားလုံးဟာ ဥပဒေနဲ့ မညီတဲ့အတွက် ပယ်ဖျက်လိုက်ပါတယ်” ဟု ထို ကိစ္စနှင့်ပတ်သက်ပြီး ငြင်းခုံမှုများကို လေးရက်တာ ကြားနာပြီးနောက် တရားရုံးချုပ်က ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့သည်။

“အမျိုးသားလွှတ်တော်ဟာ အစည်းအဝေးကို ဆက်လက် ကျင်းပသွားရပါမယ်” ဟု ယင်းက ပြောခဲ့သလို လွှတ်တော်အစည်းအဝေးကို စနေနေ့တွင် ပြန်လည်ပြုလုပ်မည်ဟု တာဝန်ရှိသူများက ပြောသည်။

ယင်းမတိုင်မီ အစောပိုင်းက အယုံအကြည်မရှိ အဆို တင်သွင်းမှုကို ပိတ်ပင်ခဲ့ခြင်းက ဥပဒေနှင့်ညီသလား ဆိုသည်ကိုပဲ ဆုံးဖြတ်သွားမည်ဟု တရားသူကြီးချုပ်က ပြောခဲ့ပြီးနောက် ယခု တရားရုံး၏ ဆုံးဖြတ်ချက်က မျှော်မှန်းထားသည်ထက် ပိုမို ကျယ်ပြန့်နေခဲ့သည်။

တရားရုံးချုပ် တရားသူကြီးအားလုံး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည် ဆိုသည့် တရားရုံးချုပ်၏ ထို ဆုံးဖြတ်ချက် ထွက်ပေါ်ပြီးနောက် မြို့တော်တွင် အတိုက်အခံ ထောက်ခံသူများ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။

နိုင်ငံရေးထဲ မဝင်ခင်က ကမ္ဘာ့နာမည်ကြီး ခရစ်ကတ်ကစားသမားတစ်ဦးဖြစ်ခဲ့သည့် ခန်းက ၎င်းအနေဖြင့် သောကြာနေ့တွင် ဝန်ကြီးအဖွဲ့ အစည်းအဝေး ခေါ်သွားမည် ဖြစ်ကြောင်းနှင့် ညနေခင်းတွင် နိုင်ငံကို မိန့်ခွန်း ပြောမည် ဖြစ်ကြောင်း ပြောသွားခဲ့သည်။

“ကျွန်တော့်အနေနဲ့ ပါကစ္စတန်အတွက် အဆုံးစွန်အထိ ဆက်လက် တိုက်ပွဲဝင်သွားပါမယ်” ဟု ခန်းက တွစ်တာတွင် ရေးခဲ့သည်။

တစ်ဘက်တွင်လည်း ဝန်ကြီးချုပ်သစ် ဖြစ်လာဖွယ် ရှိသည့် ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ်-နာဝက်ဇ် ပါတီ အကြီးအကဲ ရှီဟ်ဘက်ဇ် ရှရစ်ဖ်က ယခု တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် နိုင်ငံနှင့် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကယ်တင်ခဲ့ကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required