‘အရမ်း နောက်မကျခင်’ စစ်လက်နက်ပစ္စည်း ပေးပို့ရန် နေတိုးအုပ်စုအား ယူကရိန်း ပြော 

‘အရမ်း နောက်မကျခင်’ စစ်လက်နက်ပစ္စည်း ပေးပို့ရန် နေတိုးအုပ်စုအား ယူကရိန်း ပြော 
Photo - AFP

ဧပြီ ၈

နေတိုးအဖွဲ့ဝင်များအနေဖြင့် ယူကရိန်းဆီ စစ်လက်နက်ပစ္စည်းများ ပေးပို့မည်ကို မျှော်လင့်ထားကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ပြောသော်လည်း ရုရှက နောက်ထပ် ထိုးစစ်ကြီးတစ်ရပ်အတွက် အသင့်ဖြစ်နေ၍ မြန်မြန်ဆန်ဆန် ပေးပို့ရန် လိုကြောင်း အလေးအနက် ပြောကြားသည်။ 

“ခင်ဗျားတို့က အခုချိန်မှာ ကျွန်တော်တို့ကို ကူညီနေပါတယ်၊ ကျွန်တော်အနေနဲ့ ပြောလိုတာက ရက်ပိုင်းအတွင်း စစ်လက်နက်ပစ္စည်းတွေ ပေးပို့ဖို့ပါပဲ၊ သီတင်းပတ်တောင် မကြာသင့်ပါဘူး၊ ဒီလိုမှမဟုတ်ရင် ခင်ဗျားတို့ရဲ့ အကူအညီက အရမ်း နောက်ကျသွားပါမယ်၊ လူတွေအများကြီး သေဆုံးရမယ်၊ အရပ်သားတွေ တော်တော်များများ သူတို့ရဲ့ အိမ်တွေကို ဆုံးရှုံးရမယ်၊ ရွာတွေလည်း ဖျက်ဆီးခံရပါတယ်၊ အကူအညီ နောက်ကျခဲ့ရင် ဖြစ်လာမှာတွေပါ”ဟု ဘရပ်ဆဲလ်တွင် နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ကူလီဘာက ပြောသည်။ 

“တိုက်ခိုက်ဖို့အတွက် လိုအပ်တဲ့ လက်နက်တွေ ယူကရိန်း ရလာမှာကို ကျွန်တော် သံသယ မရှိပါ၊ မေးခွန်းကတော့ ဘယ်အချိန် ရမလဲဆိုတာပဲ၊ ဆွေးနွေးစရာက လက်နက်စာရင်းမဟုတ်ဘူး၊ အချိန်ကိုပဲ ဆွေးနွေးရမှာပါ”ဟု သတင်းထောက်များအား ၎င်းက ပြောသည်။ 

ရုရှက ၎င်း၏ ထိုးစစ်ကို နိုင်ငံအရှေ့ပိုင်း၌ ပြန်လည်ပစ်မှတ်ထားလာချိန် ယူကရိန်းသည် လေကြောင်းကာကွယ်ရေးစနစ်၊ အမြောက်၊ သံချပ်ကာယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များအပါအဝင် အကြီးစားစစ်လက်နက်များ တိုး၍ ထောက်ပံ့ရန် အနောက်အုပ်စုအား တိုက်တွန်းလျက် ရှိနေသည်။ 

“ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်အတွက် တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်ကို အမှတ်ရစေလိမ့်မယ်၊ တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ လေယာဉ်တွေနဲ့ အမြောက်ကြီးတွေ ထောင်ပေါင်းများစွာ ပါဝင်မယ့် စစ်ပွဲဖြစ်လိမ့်မယ်”ဟု ကူလီဘာက ဆိုသည်။ 

“ရုရှမှာလည်း သူ့အစီအစဉ်နဲ့သူ ရှိသလို ကျွန်တော်တို့မှာလည်း ရှိတယ်၊ စစ်ပွဲရဲ့ ရလဒ်ကို စစ်မြေပြင်မှာပဲ ဆုံးဖြတ်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

နေတိုးအကြီးအကဲ ယန်း စတောတန်ဘတ်ချ်က “ဒီကနေ့ အစည်းအဝေးမှာ မဟာမိတ်တွေအနေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ဖို့ အဆင်သင့်ရှိတယ်ဆိုတာ ရှင်းလင်းသေချာခဲ့တယ်”ဟု ပြောသည်။ 

“အားချင်း လိုအပ်တယ်ဆိုတာကိုလည်း သိရှိနားလည်ကြပါတယ်”ဟု ၎င်းက မီဒီယာသို့ ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required