ဘယ်တော့မှ ပြောင်းလဲမှာလဲ မြန်မာပြည်ရယ်

ဘယ်တော့မှ ပြောင်းလဲမှာလဲ မြန်မာပြည်ရယ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့က ဦးတင်မျိုးဦး ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တာကတော့ ဗိုလ်တစ်ထောင်ဘုရားနဲ့ ဘုရား အနီး ကားလမ်းနားတစ်လျှောက်ကို သွားရင်း မြင်ခဲ့ရတာတွေကို သဘောမတွေ့မိတာကြောင့် တာဝန် ရှိသူများ သတိပြုနိုင်အောင် ရေးပို့ခဲ့တာကို ဖော်ပြပေးစေချင်တယ်လို့ ဆိုပါတယ်။

စာရေးခဲ့သူဟာ နိုင်ငံခြား သဘောၤလိုင်းတစ်ခုက အရာရှိတစ်ဦးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပကို နေရာအနံှ့ ရောက်ဖူးသူမို့ သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး နိုင်ငံ သာယာလှပစေရေးအတွက် အကြံပြု ရေးသား ခဲ့တာ ဖြစ်ပါတယ်။ ပြည်ပကပြန်လာပြီး ရန်ကုန်ရောက်ခိုက်မှာ ရန်ကုန်မြို့ပေါ်က တန်ခိုး ကြီးဘုရားတွေကို လိုက်လံဖူးမျှော်ရင်း ဗိုလ်တစ်ထောင်စေတီတော်မြတ်ကို ရောက်ခဲ့ဟန် တူပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက သူ ဗိုလ်တစ်ထောင်ဘုရားရောက်တော့ အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့ အဆောက်အဦးတွေနဲ့ သန့်ရှင်းလှပနေတာကို တွေ့ရပါတယ်။ နိုင်ငံခြားသား ဘုရားဖူးတွေလည်း တွေ့ရလို့ အထူးသဖြင့် ထိုင်းလူမျိုး အများအပြားကို ကားကြီးတွေနဲ့ ရောက်လာပြီး ဖူးမျှော်ကြတာတွေ မြင်ရတယ်လို့ ဆိုပါတယ်။

ရောက်လာတဲ့ နိုင်ငံခြား ဘုရားဖူးတွေကို ဒီထက်ပိုပြီး ဝန်ဆောင်မှုကောင်းတွေ ပေးစေချင်သ လို အဲ့ဒီနေ့က အဖြစ်အပျက်လေးတစ်ခုကိုလည်း ရေးချင်ပါတယ်။ တနင်္ဂနွေ သန့်ရှင်းရေးအသင်းက မနက် ၇ နာရီလောက်မှာ လက်ဆင့်ကမ်းပြီး ရေပုံးတွေသယ်လို့ သန့်ရှင်းရေးအတွက် ရေလောင်း တံမြတ်စည်းလှည်းကြပါတယ်။ ဒါပေမယ့် မနက် စောနေသေးတော့ ရေက ချက်ချင်း မခြောက်ဘဲ ရင်ပြင်ပေါ် မှာရေတွေ တင်ကျန်နေပါတယ်။

နန်းဦးဓမ္မာရုံရှေ့မှာ ထိုင်းအမျိုးသမီး ဘုရားဖူးတစ် ယောက် ချော်လဲတာ တွေ့လိုက်ရသလို သူလည်း ချော်မလဲအောင် မနည်း သတိထားပြီး လျှောက်ခဲ့ ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် သန့်ရှင်းရေး အသင်းတွေ ဘုရားဖူးတွေ စည်ကားတဲ့ မနက်ခင်းအ ချိန်မှာ မလုပ်ဘဲ အခြား အဆင်ပြေမယ့် အချိန်တွေမှာ လုပ်စေချင်လို့ အကြံပေးချင်တာပါလို့ ရေးပါ တယ်။ ဘုရားပေါ်မှာလည်း သင်္ကန်းဝတ်၊ ယောဂီ ဝတ်တွေ အလှူခံနေကြတာက အမြင်မသင့်တော် သလို ဘုရားဖူးတွေ စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ ပြောပါတယ်။

ဘုရားပေါ်ကဆင်းပြီး ဗိုလ်တစ်ထောင်ကမ်းနားဘက်ကို ရောက်တော့ မြင်ကွင်းတွေကို ကြည့်ပြီး သူ စိတ်မကောင်းမိဘူး။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေမှာ ကမ်းနားနဲ့ ကမ်းခြေတွေကို လှပအောင်ပြု လုပ်ပြီး ကိုယ့်ပြည်တွင်းနဲ့ နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်ကြပေမယ့် ဗိုလ်တစ် ထောင် ကမ်းနားကတော့ သူပေးပို့လိုက်တဲ့ ဓာတ်ပုံထဲကအတိုင်း မြင်ကြရပါတယ်။ အမှိုက်တွေက ပြန့်ကျဲနေသလို ကမ်းနားတစ်လျှောက် ပလက်ဖောင်းတွေက ပျက်စီး ယိုယွင်းနေပါတယ်။ တကယ်ဆို နိုင်ငံခြား ခရီးသွားတွေ ပြည်တွင်း ရေကြောင်းနဲ့ သွားလာပြီး သဘောၤကပ်တဲ့ ဆိပ်ကမ်းနဲ့ နိုင်ငံခြား ဘုရားဖူးတွေ အများကြီး ဝင်ရောက်ဖူးမျှော်နေကြတဲ့ ဗိုလ်တစ်ထောင်ဘုရားအနီးက ကမ်းနားဟာ သန့်ရှင်းသာယာလှပစွာ ပြုလုပ်ပေးထားရမှာကို အခုလို အခြေအနေကတော့ မဖြစ်သင့်ဘူးလို့ ဓာတ်ပုံနဲ့တကွ အကြံပြုပေးပို့လာတဲ့ စာကို ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly