ကုလအထွေထွေညီလာခံ၌ ရုရှကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း

ကုလအထွေထွေညီလာခံ၌ ရုရှကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း
Photo - AFP

ဧပြီ ၈

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရုရှကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းရန် ဧပြီ ၇ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာ ယင်းသည် ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် ရုရှကို ပြစ်ဒဏ်ခတ်မှုတစ်ခု ဖြစ်လာခဲ့သည်။

ယင်းသည် ကုလ လူ့အခွင့်အရေးကောင်စီကနေ နိုင်ငံတစ်နိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ ဒုတိယမြောက် ဆိုင်းငံ့မှု ဖြစ်ပြီး ယင်းမတိုင်မီ ၂၀၁၁ ခုနှစ်က လစ်ဗျားကို ပထမဆုံးအကြိမ် အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့မှု ဖြစ်ပေါ်ထားခဲ့သည်။

ရုရှကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းသည့် လုပ်ဆောင်ချက်အပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ချီးကျူးပြောဆိုခဲ့ကြသည်။

ယခုကဲ့သို့ လူ့အခွင့်အရေးကောင်စီကနေ ဖယ်ထုတ်ခြင်းအားဖြင့် မော်စကို ကို “နိုင်ငံတကာ အပယ်ခံ” အဖြစ် အတည်ပြုလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်ဟု ဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ ထို့ပြင် ယူကရိန်း၌ ရုရှတပ်ဖွဲ့များက အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်ထားခဲ့သည်ဟု စွပ်စွဲမှုများထွက်ပေါ်ခဲ့သည့် ဘူချာကဲ့သို့ ယူကရိန်းမြို့များမှ ထိတ်လန့်တုန်လှုပ်ဖွယ် ရုပ်ပုံများနှင့်ပတ်သက်ပြီး ဘိုင်ဒင်က ထည့်သွင်းပြောဆိုသွားခဲ့သည်။

“ယူကရိန်းမှာ ဖြစ်ပျက်တဲ့ မငြင်းနိုင်တဲ့ သက်သေအထောက်အထားတွေနဲ့ ရုရှတို့ရဲ့ အလိမ်အညာတွေက ဘယ်လိုမှ မကိုက်ညီပါဘူး” ဟု ဘိုင်ဒင်က ပြောသည်။

“ပြည်သူတွေ အဓမ္မကျင့်ခံ၊ ညှဥ်းပန်းနှိပ်စက်ခံ၊ သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေ၊ တချို့ကိစ္စတွေမှာ အလောင်းတွေမှာ မတော်တလျော်ပြုခံထားရတာတွေက မိမိတို့ရဲ့ ဘုံလူလောကအတွက် နာကြည်းစရာ ဖြစ်ပါတယ်’ ဟု ၎င်းက ပြောသည်။

ရုရှအပေါ် ပိုမို တင်းမာပြင်းထန်သည့် နိုင်ငံတကာ ရပ်တည်ချက်သဘောထား ထားရှိရေး တောင်းဆိုနေခဲ့သည့် ဇယ်လန်စကီးက ယခု ကုလ လုပ်ဆောင်ချက်ကို “အရေးပါသော လုပ်ဆောင်ချက်” တစ်ခုအဖြစ် ချီးကျူးခဲ့ပြီး ယင်းသည် “ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုအတွက် နောက်ထပ် ပြစ်ဒဏ်ချမှု” တစ်ခုဖြစ်ကြောင်း တွစ်တာတွင် ရေးခဲ့သည်။

အမေရိကန်က အဆိုပြုခဲ့သည့် ရုရှကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရေးကိစ္စကို ကုလ အထွေထွေညီလာခံတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၉၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ၂၄ နိုင်ငံက ဆန့်ကျင်မဲပေးခဲ့ကြသည်။ နိုင်ငံ ၅၈ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြသည်ဖြစ်ရာ ကုလသမဂ္ဂတွင် ရုရှနှင့်ပတ်သက်ပြီး နိုင်ငံတကာ စည်းလုံးညီညွတ်မှု အားနည်းနေသည်ကို ပြသနေသည်။

ကုလ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရေးအတွက် အဖွဲ့ဝင်နိုင်ငံ သုံးပုံ နှစ်ပုံ၏ ထောက်ခံမှုကို လိုအပ်ပြီး ကြားနေမဲများနှင့် ပျက်ကွက်မဲများကို ထည့်သွင်းမရေတွက်ပေ။

ယခုကဲ့သို့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခံရမှုအတွက် ရုရှက မဆိုင်းမတွ တုံ့ပြန်ခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် လွတ်လပ်သော ပြည်တွင်းရေးနှင့် နိုင်ငံခြားမူဝါဒကို ကိုင်ဆွဲသည့် အချုပ်အခြာအာဏာပိုင် ကုလအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ပေါ်ပေါ်ထင်ထင် ပြစ်ဒဏ်ချရန် ရည်ရွယ်သည့် “တရားမဝင်သော၊ နိုင်ငံရေးအရ အရင်းခံသော” လုပ်ဆောင်ချက်ဖြစ်သည်ဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက အပြင်းအထန် ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required