“လဝက၊ တပ်မတော် လက်အောက် ပြောင်းသင့်သလား”

“လဝက၊ တပ်မတော် လက်အောက် ပြောင်းသင့်သလား”

ခုဆိုရင် ပထမအကြိမ် လွှတ်တော် သက်တန်းကုန်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ရုံးဖွင့်ရက်နဲ့ တွက်ရင် ၃ ရက်သာသာလောက်ပါ။ ဒီလို အခြေအနေအောက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနအောက် ပြောင်းရွှေ့ဖို့အတွက် သမ္မတကလွှတ်တော်မှာ ဆွေးနွေးဖို့ပေးပို့ လာပါတယ်။ အဲဒီကိစ္စကို လွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ဇန်နဝါရီ ၂၆ နေ့လည်က စဆွေးနွေးနေကြပါပြီ။ အခုလို လွှတ်တော် သက်တန်း ကုန်ကာနီးမှ ဒီကိစ္စ ဘာလို့ အပူတပြင်း ဆွေးနွေးဖို့ လုပ်ရတာလဲ၊ လဝက ဝန်ကြီးဌာန ဘယ်သူ့လက်အောက်မှာ ရှိသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုလာမယ့် ဖေဖေါ်ဝါရီ ၁ ရက်ဆိုရင် လွှတ်တော်သစ် အစည်းအဝေးတွေ စပါတော့မယ်။ အင်န်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားတာမို့ အင်န်အယ်လ်ဒီ အမတ် တွေ ကြီးစိုး လွှမ်းမိုးတဲ့ လွှတ်တော် ဖြစ်ပါလိမ့်မယ်။ အင်န်အယ်လ်ဒီဟာ ဖွဲ့စည်းပုံ ပြင်ရေးက လွဲရင် ကျန်ဥပဒေတွေ ပြင်တာ၊ ဖြည့်စွက်တာ၊ အသစ်ရေးတာ၊ ပယ်ဖျက်တာ အားလုံး သူ့ပါတီ သဘောတစ် ခုတည်းနဲ့ လုပ်နိုင်ပါတော့မယ်။ ဒီအတွက် သမ္မတ ရဲ့ ဒီ အဆိုပြုချက် ပေးပို့လာတာဟာ အင်န်အယ် လ်ဒီ ကြီးစိုးတဲ့ လွှတ်တော်သစ် တာဝန် စမယူခင် လုပ်စေကိုင်စေချင် လို့များလား သံသယ ဖြစ်ဖွယ် ရှိပါတယ်။

နောက်တစ်ချက်က မတ်လကုန်မှာ ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်ဟာလည်း ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အရပ်သား စစ်စစ် အစိုးရ အဖွဲ့ ဖြစ်ပါလိမ့်မယ်။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး ဝန်ကြီးဌာန သုံးခုကလွဲပြီး ကျန် ဝန်ကြီးဌာန အားလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့က စီမံခန့်ခွဲပါမယ်။ အဲဒီ ဝန်ကြီးဌာန သုံးခုကိုတော့ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ ဝန်ကြီးတွေက စီမံခန့်ခွဲကြမှာ ဖြစ်ပါတယ်။ အခုကိစ္စကို ရှင်းရှင်းလင်း လင်း အဓိပ္ပါယ် ဖွင့်ဆိုရရင် လဝက ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်အောက်မှာ မထားပဲ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ ထားလိုတယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အဲဒီလို ဖြစ်သင့်ပါရဲ့လား၊ ဆက်ပြီး ဆွေးနွေးကြည့်ကြရအောင်ပါ။

တကယ်တော့ လဝက ဝန်ကြီးဌာနဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးပါတယ်။ တပ်မတော် စစ်ခေါင်းဆောင်တွေ ပြောပြောနေသလို မြေမြိုလို့လူမျိုးမပြုန်း လူမြိုမှ လူမျိုးပြုန်းမယ် ဆိုတဲ့ဆောင်ပုဒ် နဲ့အညီ လဝက ဝန်ကြီးဌာန တကယ် အလုပ်လုပ်ခဲ့ရဲ့လား ဆိုတာ ပြန်ကြည့်ကြရပါမယ်။ လဝက ဝန်ကြီးဌာန ဆိုပြီး ဝန်ကြီးဌာန တစ်ခု အနေနဲ့သာ ရပ်တည်နေခဲ့တယ်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ အကြမ်းဖျဉ်းလောက်ကိုတောင် အနီးစပ်ဆုံး ခန့်မှန်းနိုင်တဲ့ ဝန်ကြီးဌာန တစ်ခု မဟုတ်ခဲ့ပါဘူး။ လူဦးရေ ၅၁ သန်းလောက်ပဲရှိတဲ့ နိုင်ငံကို သန်း ၆၀ လောက်အထိ ထင်ယောင်ထင်မှားဖြစ်စေတာ၊ အဲဒီကနေမှ တဆင့် စီးပွားရေး၊ ပညာရေး စီမံကိန်းကြီးတွေ ချပြီး အမှားမှား အယွင်းယွင်း ဆောင်ရွက်ကြတာတွေဟာ လဝက ဝန်ကြီးဌာန မှာ တာဝန် အပြည့်အ၀ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုစဉ်တုန်းကလို၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုစဉ်တုန်းကလို လွဲမှားတဲ့ စာရင်းအင်း၊ ကိန်းဂဏန်းတွေနဲ့ လုပ်ခဲ့ကိုင်ခဲ့ အကောင်အထည် ဖော်ခဲ့တာတွေမှာလည်း လဝက ဝန်ကြီးဌာန တာဝန်မကင်းပါဘူး။

လဝက ရဲ့ နောက်ထပ် အရေးကြီး တာဝန် တစ်ခုက နိုင်ငံသား အရည်အချင်း ရှိသူတွေကို နိုင်ငံသား အဆင့်အတန်း သတ်မှတ်ပေးပြီး၊ အရည်အချင်း မရှိသူတွေကို နိုင်ငံသား ဖြစ်ခွင့် မပေးဖို့ပါ။ ဒါဟာ တိုင်းပြည် လုံခြုံရေး၊ စီးပွားရေး နဲ့ တည်ငြိမ်ရေး အတွက် အတော်လေးကို အရေးကြီးပါတယ်။ ဒါပေမယ့် ဒီ အချက်ကိုလည်း လဝက ဝန်ကြီးဌာန တာဝန်ရှိသူတွေ မစွမ်းဆောင်နိုင်ပါဘူး။

စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ မျက်မှောက်ခေတ် အနှစ် ၂၀ကျော် အတွင်းမှာ နယ်စပ် တရုတ်နိုင်ငံသား အများကြီး မြန်မာ နိုင်ငံသား စိစစ်ရေးကဒ် ကိုင်ဆောင်သူတွေ ဖြစ်လာကြပါတယ်။ လာဘ်ငွေ မပေးနိုင်တဲ့ တိုင်းရင်းသား စစ်စစ်တွေ နိုင်ငံသား ဖြစ်မလာကြပါဘူး။ လာဘ်ပေး လာဘ်ယူမှု အများဆုံး ဝန်ကြီးဌာန ထဲမှာလည်း လဝက ဝန်ကြီးဌာနဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဆက်ပြီးပြောရရင် အရင် ခေတ်အဆက်ဆက် လဝက ဝန်ကြီးဌာန ကို ထိပ်ပိုင်းနဲ့ အရာရှိအဆင့် စီမံခန့်ခွဲသူတွေ အားလုံး တပ်မတော်ဘက်ကနေ နေရာချထားပေးသူတွေပါ။ အခု နောက်ပိုင်းအချိန်ထိ တပ်မတော် အရာရှိဟောင်း အများစုက ထိပ်ပိုင်း တာဝန်ယူထားကြပါတယ်။ ဒီအခြေအနေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် လဝက ဝန်ကြီးဌာနဟာ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့၊ တာဝန်မကျေတဲ့၊ အဂတိ လိုက်စားမှု များတဲ့၊ ဝန်ကြီးဌာန တစ်ခုဖြစ်ပြီး တာဝန်ယူထားသူတွေကလည်း အရည်အချင်းနည်းပါတယ်။

ဒီလို အခြေအနေအောက်မှာ လဝက ဝန်ကြီးဌာနကို အများကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်မှာပါ။ တည်ဆဲ ဥပဒေတွေ နည်းဥပဒေတွေကို လိုက်နာ အကောင်အထည် ဖော်လာအောင်၊ အဂတိ လိုက်စားမှု လျော့နည်း ပပျောက်အောင် လုပ်ဖို့ လိုနေပါတယ်။ ဒီလို လုပ်နိုင်ဖို့ ဆိုရင် လက်ရှိ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သား အစိုးရအဖွဲ့ လက်အောက်မှာ ထားမှ ဖြစ်မှာပါ။ တပ်မတော်က စီမံခန့်ခွဲတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ ပြောင်းရွှေ့ထားလိုက်ရင် အရင့် အရင်တုန်းက အတိုင်း ဘာမှ ထူးခြား၊ ပြောင်းလဲမှု ရှိလာမှာ မဟုတ်ပါဘူး။ လုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းပြည် အတွက် အလွန်အရေးကြီးတဲ့ လဝက ဝန်ကြီးဌာနကို နောင် တက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့သစ် လက်အောက်မှာပဲ ထားသင့်ပြီး တပ်မတော် စစ်ခေါင်းဆောင်တွေက စီမံခန့်ခွဲတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ မထားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly