အာဖဂန်နစ္စတန်တွင် မီဒီယာလွတ်လပ်ခွင့် ဆက်လက် ယိုယွင်းဆိုးရွားနေ

By Zee5
08 April 2022
အာဖဂန်နစ္စတန်တွင် မီဒီယာလွတ်လပ်ခွင့် ဆက်လက် ယိုယွင်းဆိုးရွားနေ

အာဖဂန်နစ္စတန်တွင် တာလီဘန် ထိန်းချုပ်မှုကြောင့် မီဒီယာကဏ္ဍအပေါ် ထိခိုက်ခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဒီဇင်ဘာလတွင် စစ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ပြီး ယခု သုံးလအကြာတွင် အခြေအနေ ပိုမိုဆိုးဝါးလာခဲ့သည်။

တာလီဘန်တို့ ထိန်းချုပ်အာဏာရပြီးနောက် အာဖဂန်မီဒီယာ မြင်ကွင်းတွင် လုံးလုံးလျားလျား ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်ဟု RSF နှင့် လွတ်လပ်သော အာဖဂန်ဂျာနယ်လစ်များအစည်းအရုံး (AIJA) တို့၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဖဂန်တွင် ယမန်နှစ် ဩဂုတ်လ ၁၅ ရက် နောက်ပိုင်း မီဒီယာလုပ်ငန်းဌာနစုစုပေါင်း ၂၃၁ ခုအထိ ပိတ်သိမ်းသွားသလို ဂျာနယ်လစ် ၆,၄၀၀ ကျော်လည်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့သည်။

အမျိုးသမီး ဂျာနယ်လစ်များ အထိအနာဆုံး ဖြစ်ခဲ့ပြီး ၅ ဦးတွင် ၄ဦးသည် အလုပ်ဆက်လုပ်နိုင်ခြင်း မရှိတော့ပေ။

မီဒီယာလုပ်ငန်းဌာန ၁၀ခုတိုင်းတွင် ၄ ခုထက်မနည်းသည် လက်ရှိတွင် လုပ်ငန်းရပ်ဆိုင်းသွားခဲ့ပြီး ဂျာနယ်လစ်များနှင့် မီဒီယာဝန်ထမ်းများအနက် ၆၀ ရာခိုင်နှုန်းခန့်သည် အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။

ယင်းနိုင်ငံတွင် မကြာသေးခင်က ဆင်ဆာဖြတ်မှု ဖြစ်စဉ်များ ဖြစ်ပြီးနောက် အာဖဂန်မီဒီယာအပေါ် တာလီဘန်တို့၏ ပိတ်ပင်ကန့်သတ်မှုများ ချမှတ်ခြင်းကို စိုးရိမ်ပူပန်ကြောင်း အမေရိကန်က ပြီးခဲ့သည့် မတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အာဖဂန်ပြည်သူတို့၏ ပညာရေး၊ လူ့အခွင့်အရေး အပါအဝင် အခွင့်အရေး ထိပါးချိုးဖောက်မှုများ ရပ်စဲရန် တာလီဘန်တို့ကို အမေရိကန်က တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly