တရုတ်က တာလီဘန်အား အာဖဂန်အစိုးရအဖြစ် အသိအမှတ်ပြုသည့် အရိပ်အယောင်ပြ

တရုတ်က တာလီဘန်အား အာဖဂန်အစိုးရအဖြစ် အသိအမှတ်ပြုသည့် အရိပ်အယောင်ပြ

တရုတ်သည် အာဖဂန်နစ္စတန်ရှိ တာလီဘန်များအား အခိုင်အမာ ထောက်ခံပေးထားပြီး တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခြင်းသည် အချိန်တန်လျှင် ဖြစ်လာမည်ဖြစ်ကြောင်း ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မတ်လ ၃၁ ရက်က အာဖဂန်နစ္စတန်အရေးဆိုင်ရာ နှစ်ရက်ကြာ တွေ့ဆုံမှုအပြီးတွင် ထောက်ခံကြောင်း ကတိပြုပြောကြားခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး ကလည်း ၎င်းတို့နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အချုပ်အခြာအာဏာကို အနှောင့်အယှက်ဖြစ်စေမှုအတွက် အမေရိကန်ကို ပြစ်တင်ရှုတ်ချခဲ့သည်။

ရုရှား၊ အမေရိကန်၊ အာဖဂန်နစ္စတန်နှင့် အိမ်နီးချင်း နိုင်ငံအများအပြားမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် အန်ဟွေးပြည်နယ် အစည်းအဝေးအပြီးတွင် ဝမ်က အာဖဂန်နစ္စတန်ကို နိုင်ငံတကာ အသိုက်အဝန်းမှ မဖယ်ထုတ်သင့်သလို မအောင်မြင်သော နိုင်ငံတစ်ခု မဖြစ်စေသင့်ကြောင်း ပြောကြားခဲ့သည်။

“အာဖဂန်နစ္စတန်ဟာ နှစ်ပေါင်းများစွာ စစ်ပွဲဒဏ်ကို ခံစားခဲ့ရပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မှာ နောက်ကျကျန်နေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုး ဆက်မဖြစ်သင့်ပါဘူး” ဟု ဝမ်၏ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။

တရုတ်သည် တာလီဘန်များကို အသိအမှတ်ပြုကြောင်း မကြေညာသေးသော်လည်း အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် ပြန်လည်ရှင်သန်လာသော တာလီဘန်နှင့် ဆက်သွယ်မှုပြုသည့် ပထမဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သည်။ တရုတ်က တာလီဘန်အား အာဖဂန်နစ္စတန်တွင် အရေးကြီးသော စစ်ရေးနှင့် နိုင်ငံရေး အင်အားစုအဖြစ် ဖော်ပြခဲ့သည်။

အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတင်းမာနေသည့်ကြားက တရုတ်သည် ဒေသတွင်းတွင် အဓိကသြဇာလွှမ်းမိုးသူအဖြစ် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် အရှေ့ပိုင်း အန်ဟွေး ပြည်နယ်၌ နှစ်ရက်ကြာ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၃၁ ရက်က အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်းမူတာကီနှင့် တွေ့ဆုံရာတွင် ဝမ်က ယူကရိန်းစစ်ပွဲကြောင့် အာဖဂန်၏လိုအပ်ချက်များကို လျစ်လျူမရှုသင့်ကြောင်း ပြောကြားခဲ့သည်။

အမီရ်ခန်းကလည်း အာဖဂန်နစ္စတန်ကို သိမ်းပိုက်ရန်နှင့် အခြားနိုင်ငံများကို ဆန့်ကျင်ရေးအတွက် အာဖဂန်နစ္စတန်ကို အသုံးချရန် ပြည်ပအင်အားစုများကို ခွင့်မပြုမည်မဟုတ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly