ငြိမ်းချမ်းရေးနဲ့ စီးပွားရေး သည့်ထက် လက်တွေကျစေချင််

ငြိမ်းချမ်းရေးနဲ့ စီးပွားရေး သည့်ထက် လက်တွေကျစေချင််

အခု ရက်အတောအတွင်း တိုင်းပြည်ရဲ့တာဝန်အရှိဆုံး ပုဂ္ဂိုလ်များရဲ့ ပြောစကားတချို့ဟာ မိမိတို့ ပြည်သူများ နားဝမှာ ပျားသကာလို ချိုကြရပါတယ်။ ကြိုဆိုကြရမယ့် စကားတွေပါပဲ။ ပထမစကားက တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့စကားဖြစ်ပါတယ်။ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်များနဲ့ တွေ့ဆုံစဉ်အခိုက် ငြိမ်းချမ်းရေးရရှိဖို့ နောက်တက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ နောက်ထပ်စကားတစ်ခုကတော့ သမ္မတကြီးဦးသိန်းစိန်ရဲ့အစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံ သားတိုင်း တစ်ဦးချင်း ဝင်ငွေဟာ ဒေါ်လာ ၁၃၀၀ ခန့် ရရှိလာခဲ့တယ်ဆိုတဲ့ စကား ဖြစ်ပါတယ်။

အခုလို ပြောဆိုချက်တွေဟာ မိမိတို့ပြည်သူတွေ ဝမ်းသာကြရမယ့် သတင်းစကားများပဲ ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း စောဒကတက်သူများလည်း ရှိပါတယ်။ ဥပမာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စကားထဲမှာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်နဲ့ NCA စာချုပ်ပါအချက်များအပေါ်အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောတာဖြစ်လို့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အခက်အခဲရှိနိုင်တယ်လို့ ဝေဖန်ကြတာလည်း ရှိပါတယ်။ အဲဒီ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ တချို့ကြောင့် ကျန်ရှိတဲ့ လက်နက်ကိုင်တိုင်းရင်းသား အင်အား စုတွေနဲ့ ယနေ့ထက်တိုင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရနိုင်သေးတာဖြစ် တယ်လို့ ထောက်ပြ ပြောဆိုကြတာလည်း ရှိပါတယ်။

ဒီလိုပြောလိုက်တာဟာ တပ်မတော်က အဲဒီမူဝါဒများကိုပဲ စွဲမြဲစွာ ဆက်လက်ဆုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ တမင်ထုတ်ဖေါ်ပြောဆိုသွားရာရောက်ပြီး နောက်တက်လာမယ့် အစိုးရကိုလည်း တပ်မ တော်ရဲ့ ရပ်တည်ချက်ဟာ ဒီဝါဒသဘောတရားအတိုင်းသာဖြစ်တယ်၊ ယခင်အစိုးရနဲ့ ပူတွဲဆောင် ရွက်ခဲ့သလိုပဲ၊ သည့်ထက် ပြောင်းလဲစရာမရှိဆိုတဲ့ သဘောလည်းဖြစ်လို့ ဒါဟာ စေ့စပ် ဆွေးနွေး ညှိနှိုင်းမှု အခြေခံ သဘောဖြစ်တဲ့ ပြုလွယ်ပြောင်းလွယ်တဲ့ နည်းဟန်ထင်ဟပ်ခြင်း မရှိတာမို့ ငြိမ်းချမ်း ရေးကတော့ မျှော်မှန်းလို့ မရနိုင်သေးကြောင်း ယူဆကြသည်များလည်း ရှိပါတယ်။

ဒါ့အပြင် နောက်တက်လာမယ့် အစိုးရအနေနဲ့လည်း ရှေ့က ပြည်သူက မရွေးချယ်လို့ ဆင်ပေးသွားရတဲ့ အစိုးရနဲ့ မတူတဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအသစ် ရှာဖွေဖန်တီးမယ်ဆိုရင်လည်း တပ်မတော်ရဲ့ မူလ မူဝါဒ အဟန့်အတားကြောင့် အခက်အခဲတွေ ရှိနေဦးမှာ သေချာတယ်လို့လည်း သုံးသပ်ကြပါတယ်။

ပြည်သူတွေ နောက်ထပ် ဝမ်းသာရမယ့်သတင်းကတော့ သမ္မတဦးသိန်းစိန် လက်ထက်မှာ နိုင်ငံသား တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၁၃၀၀ အထိ ရှိလာခဲ့တယ်ဆိုပြီး ပြောဆိုလိုက်တဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်းရဲ့ စကားဖြစ်ပါတယ်။ ဒီစကားအရပြောရရင် ဒါဟာဖြင့် နိုင်ငံသားတစ်ဦးချင်းရဲ့ တစ်နှစ်အတွင်း ဝင်ငွေဖြစ်ဖွယ်ရှိပြီး ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်အတွင်းတုန်းက တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၁၀၀၀ ကျော်ကျော်လေးသာ ရှိခဲ့ရာက အခုလို ၁၃၀၀ အထိ တိုးတက်ရရှိလာတာဖြစ်လို့ ဝမ်းသာကြ ရမှာ အမှန်ပါပဲ။

ဒီသတင်းစကားတွေဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်ပင်ဖွံ့ဖြိုးရေးကို ဖေါ်ညွှန်း ကိုယ်စားပြုရာ ရောက်ပါတယ်။ တကယ်တော့ မိမိတို့တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တစ်ပြည် အဆင့်က ပြန်လည်တက်လာနိုင်ခြင်း မရှိသေးသလိုပဲ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် အကြာရှည်ဆုံး တိုင်းပြည်ဖြစ်တယ်ဆိုတဲ့ ဂုဏ်သိက္ခာမဲ့တဲ့ အဖြစ်ကိုလည်း နိဂုံးမချုပ်နိုင်သေးပါဘူး။

ဒါ့အပြင် ငြိမ်းချမ်းရေးမရှိဘဲ စီးပွားရေး ကောင်းမွန်တိုးတက် တောင့်တင်းလာနိုင်ဖွယ်လည်း မရှိပါဘူး။ စစ်ဖြစ်တိုင်း စီးပွားရေး ကောင်းလာနိုင်တယ်ဆိုတာ တကယ်တော့ လူတစ်စုအတွက်သာ ဖြစ်ပြီး လူထုအတွက်တော့ အနှုတ်လက္ခဏာတွေချည်းပဲ ဖြစ်ပါတယ်။ ကြာရှည်လှတဲ့ ပြည်တွင်းစစ် မီးကြီးကို ဘယ်လိုငြိမ်းသတ်ရမလဲဆိုတဲ့ အဖြေဆိုတာကလည်း တကယ်တော့ တကယ့်ကို ဝေဝါး လျက်ပဲ ရှိနေသေးသလို ပြည်သူတွေ ဆင်းရဲတွင်းက မတက်နိုင်သေးတာကလည်း ဖုံးကွယ်ထားလို့ မရအောင် ထင်ရှားလှပါတယ်။

ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးပဲဖြစ်စေ၊ ပြည်သူတွေ ဝင်ငွေ တိုးတက်ကောင်း မွန်လာစေဖို့ပဲဖြစ်စေ ဒီနှစ်ခုဟာ ဆက်စပ်လျက်ရှိပြီး အမှန်တကယ် လက်တွေ့ကျပြီး သည့်ထက် ပိုမို မျှော်လင့်လို့ရတဲ့ စကားများကိုသာ ကြားရပါစေကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly