သီရိလင်္ကာနိုင်ငံ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင် နေရချိန်တွင် တရုတ်က မသိကျိုးကျွံပြုနေ

သီရိလင်္ကာနိုင်ငံ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင် နေရချိန်တွင် တရုတ်က မသိကျိုးကျွံပြုနေ

သီရိလင်္ကာနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ချေးငွေများ ပြန်ဆပ်ရန် ရုန်းကန်နေရကာ ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းနေချိန်တွင် တရုတ်က မသိကျိုးကျွံပြုနေသည်ဟု ဥရောပအခြေစိုက် ပညာရှင်အဖွဲ့က ပြောကြားသည်။

သီရိလင်္ကာနိုင်ငံသည် အဓိကပြဿနာအနေဖြင့် ကြီးမားသော ကြွေးမြီဝန်ထုတ်ဝန်ပိုးဒဏ်ကို ခံနေရပြီး တရုတ်တစ်နိုင်ငံတည်းကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အကြွေးဆပ်ရမည် ။

တစ်စိတ် တစ်ပိုင်းအားဖြင့် တရုတ်ချေးငွေဖြင့် တည်ဆောက်ထားသော ဆောက်လုပ်ရေးစီမံကိန်းများမှ ငွေပြန် မဝင်ခြင်းကြောင့် သီရိလင်္ကာ၏ နိုင်ငံခြားအရန်ငွေမှာ လျော့နည်းသွားသည်ဟု တောင်အာရှလေ့လာရေး ဆိုင်ရာ ဥရောပဖောင်ဒေးရှင်း (EFSAS) က ဖော်ပြခဲ့သည်။

ဇူလိုင်လတွင် ငွေပြန်ပေးရမည့် အချုပ်အခြာပိုင်ငွေချေးစာချုပ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ကို ၂၀၂၂ခုနှစ်တွင် ဒေါ်လာဖြင့် အကြွေးပြန်ဆပ်ရမည် ဖြစ်သည်။

ယင်းအကြွေးများကို ပြန်မဆပ်နိုင်ခြင်းကြောင့် ကြွေးမြီအဆင့်အတန်းသတ်မှတ်သည့် အေဂျင်စီများနှင့် စီးပွားရေးပညာရှင်တွေကြားတွင် စိုးရိမ်မှုများ တိုးလာနေကြောင်း ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

များပြားလှသော ကြွေးမြီများပြန်ဆပ်ကာလကို ပြန်လည်ညှိနှိုင်းပေးရန် သီရိလင်္ကာ၏ မေတ္တာရပ်ခံချက်ကို တရုတ်က ငြင်းဆိုခဲ့ပြီး တရုတ်က နောက်ထပ်ချေးငွေ ဒေါ်လာ ၁ ဘီလီယံ ပေးရန်နှင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကြွေးပေးရန် ပိုမိုလိုလားကြောင်း သီရိလင်္ကာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်၏ ပိုးလမ်းမသစ် စီမံကိန်းများတွင် ပါဝင်ပြီးနောက် စံချိန်တင် ငွေကြေးဖောင်းပွမှု၊ အစားအစာဈေးနှုန်း မြင့်တက်မှုနှင့် လူများ ဒုက္ခပင်လယ်ဝေနေရကာ အကြွေးနွံနစ်နေသော သီရိလင်္ကာ၏ စီးပွားရေး အတွက် တရုတ်က ကူညီချင်ယောင်ဆောင်နေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းကျဆင်းခဲ့ရခြင်းနှင့် အတူ ချေးငွေဝန်ထုပ်ဝန်ပိုးကြီးအောက်တွင် ယိမ်းယိုင် နေပြီးဖြစ်သော သီရိလင်္ကာ၏ စီးပွားရေးဖွဲ့စည်းပုံမှာ ပြိုလဲသွားခဲ့သည်။

သီရိလင်္ကာနိုင်ငံသား တစ်သန်းခွဲကျော်သည် ကပ်ရောဂါဖြစ်ပွားပြီးနောက် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်၏ ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly