နိုင်ငံအရှေ့ပိုင်းကို တိုက်ခိုက်ရန် ရုရှတို့ အသင့်ပြင်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးကြရန် ယူကရိန်း သတိပေး

နိုင်ငံအရှေ့ပိုင်းကို တိုက်ခိုက်ရန် ရုရှတို့ အသင့်ပြင်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးကြရန် ယူကရိန်း သတိပေး

ဧပြီလ ၇ ရက်

ယူကရိန်းနိုင်ငံ၏ အရှေ့ပိုင်း၌ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ရုရှတို့ ပြင်ဆင်နေသည် ဖြစ်ရာ အရှေ့ပိုင်းမှ ဒေသခံများအနေဖြင့် ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးကြရမည့် နောက်ဆုံးအခွင့်အရေးကို ရယူကြရန် ယူကရိန်းအာဏာပိုင်တို့က တိုက်တွန်းခဲ့သည်။

ဤမတိုင်မီ မြို့တော် ကိယက်ဗ် အနီးဝန်းကျင်၌ မြင်တွေ့ခဲ့ရသော အကြီးအကျယ် ထိခိုက်ပျက်စီးမှုများက ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။

ရုရှတပ်များသည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး သီတင်းပတ် ခြောက်ပတ်အကြာတွင် ကိယက်ဗ်နှင့် ယူကရိန်း မြောက်ပိုင်းကနေ ဆုတ်ခွာသွားခဲ့ပြီး ယခုအခါ နိုင်ငံ၏ အရှေ့တောင်ဘက်ကို အာရုံစိုက်လျက် ရှိသည်။

ထို အရှေ့တောင်ပိုင်းတွင် အရပ်သားပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်ရန် အပူတပြင်း ကြိုးပမ်းမှုများ ရှိနေသည်။

ကိယက်ဗ် ဒေသကနေ ရုရှတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဘူချာမြို့ အပါအဝင် နေရာဒေသများ၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု မြင်ကွင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းက ရုရှတို့၏ စစ်ရာဇဝတ်မှု ကျူးလွန်မှု သက်သေအထောက်အထားများဖြစ်ကြောင်း ယူကရိန်းက ပြောသည်။ ယင်းအတွက်ကြောင့်လည်း မော်စကိုအပေါ် အနောက်အုပ်စုဘက်မှ အရေးယူဒဏ်ခတ်မှုအသစ်များ ထပ်မံထွက်ပေါ်စေခဲ့သည်။

အရပ်သားများကို သတ်ဖြတ်မှုအတွက် တာဝန်ခံရန် ငြင်းဆန်ထားသည့် ရုရှသည် (အရှေ့ပိုင်း) ဒွန်ဘတ်စ်ဒေသ၌ ၎င်းတို့၏ မကောင်းသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် တိုက်ခိုက်ရေးတပ်ဖွဲ့များကို ဆက်လက် စုစည်းနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ကြာသပတေးနေ့တွင် သတိပေးပြောဆိုသည်။

“သူတို့ဟာ ထိုးစစ်တစ်ခု ပြန်စဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသလို ဒွန်ဘတ်စ်၏ လူဂန့်စ်နှင့် ဒွန်နက်စ် ဒေသများမှ တာဝန်ရှိသူများကလည်း အရပ်သားပြည်သူများ ရွှေ့ပြောင်းထွက်ခွာကြရေး ပန်ကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required