ဗဟိုဘဏ် ဒုဥက္ကဋ္ဌကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ပြောက်ကျားအဖွဲ့ပြောကြား

ဗဟိုဘဏ် ဒုဥက္ကဋ္ဌကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ပြောက်ကျားအဖွဲ့ပြောကြား

ဧပြီ ၇

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ သူ၏နေအိမ်ရှေ့တွင် ယနေ့နံနက်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ပြောက်ကျားအဖွဲ့တစ်ခုက မဇ္ဈိမသို့ဆက်သွယ်ပြောကြားလာသည်။

ရွှေဂုံရိပ်မွန်အိမ်ယာ၊ တိုက်(၅) အခန်း(၁၄)နေ အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းသန်းဆွေကို နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခဲ့ရာ ဝမ်းဗိုက်နှင့်ပေါင်တို့ကို ထိမှန်သွားခဲ့သည်ဟု ပြောသည်။

"နေအိမ်တိုက်ခန်းတံတားဝမှာပဲ ငါးချက်ပစ်ခဲ့တယ်။ ဗိုက်နဲ့ပေါင်ကိုထိသွားတယ်၊ သေဖို့တော့များတယ်"ဟု ပြောက်ကျားအဖွဲ့တာဝန်ရှိသူ ဆိုသူကပြောသည်။ သို့သော် အဖွဲ့အမည်ကို ထုတ်ပြောရန် သူက ငြင်းဆန်သည်။

ဒေါ်သန်းသန်းဆွေသည် အိမ်ထောင်မရှိသူဖြစ်ကာ တူမတစ်ယောက်နှင့်အတူနေထိုင်သူဖြစ်သည်ဟု ဗဟိုဘဏ်သတင်းရင်းမြစ်များက ပြောသည်။

" လုပ်ငန်းရှင်တွေကို နှစ်ကုန်ဘတ်ဂျက်မပိတ်ခင်အခွန်တွေဆောင်ဖို့ ဖိအားပေးခြင်းကြောင့် " ဟု လုပ်ကြံသောအဖွဲ့က မဇ္ဈိမသို့ပြောသည်။ အသေးစိတ်ပြောဆိုရန်ကိုတော့ ငြင်းဆန်သည်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌရာထူးသည် ဒုဝန်ကြီးနှင့် အဆင့်တန်းတူဖြစ်သည်။ ဒေါ်သန်းသန်းဆွေသည် ဗဟိုဘဏ်တွင် စာရင်းဌာန၊ စာရင်းစစ် (အတွင်းစစ်၊ အပြင်စစ်)၊ ဘဏ်များနှင့်ဆက်ဆံရေးဌာန နှင့် သုတေသနနှင့် သင်တန်းဌာနတို့ကိုပါ ကိုင်တွယ်သည်။

လတ်တလော ဝေဖန်မှုများမြင့်တက်နေသော စစ်ကောင်စီ၏ညွှန်ကြား ချက်ဖြင့် ဗဟိုဘဏ်ခံပြင်ဆင်လိုက်သည့် ငွေကြေးမူဝါဒကို ကိုင်တွယ်မှုနှင့်တော့ ဒေါ်သန်းသန်းဆွေက သက်ဆိုင်မှုမရှိဟု သိရသည်။

ဧပြီလ ၃ ရက်နေ့က ဗဟိုဘဏ်၏ပြင်ဆင်မှုတွင် မြန်မာပြည်တွင်းနေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသောဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် တစ်ရက် အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ နှုန်းဖြင့် လဲလှယ်ရောင်းချရမည်ဟု ပါရှိသည်။ ၎င်းလုပ်ငန်းကို ဗဟိုဘဏ်တွင် ဒုဥက္ကဌနောက်တစ်ဦးဖြစ်သူ ဦးဝင်းသော်ကကိုင်တွယ်သည်။

ဂျပန်တွင် MBA တက်ခဲ့ပြီး ကမ္ဘာ့ဘဏ်တွင် နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါ်သန်းသန်းဆွေမှာ ဌာနတွင်းတွင်တော့ "မောက်မာသူ" ဟု သမုတ်ခံရပြီး အပြောကြမ်းမှုကြောင့် " မကြိုက်တဲ့သူမှ အများကြီး" ဟု ဗဟိုဘဏ်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

သေနတ်ဒဏ်ရာများကြောင့် စစ်တပ်ဆေးရုံတစ်ခုတွင်အရေးပေါ်ကုသမှုခံယူနေရကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly