မာရီယူပိုမြို့တွင် လူထောင်ပေါင်းများစွာအား သတ်ဖြတ်ထားသည်ကို ရုရှက ဖုံးကွယ်နေဟု ဇယ်လန်စကီး ပြော 

မာရီယူပိုမြို့တွင် လူထောင်ပေါင်းများစွာအား သတ်ဖြတ်ထားသည်ကို ရုရှက ဖုံးကွယ်နေဟု ဇယ်လန်စကီး ပြော 
Photo - AFP

ဧပြီ ၇

ဝိုင်းရံပိတ်ဆို့ခံ မာရီယူပိုမြို့ဆီ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့မှုကို ရုရှက ပိတ်ဆို့နေခြင်းမှာ ယင်းမြို့တွင် လူထောင်ပေါင်းများစွာကို သတ်ဖြတ်ထားသည့် သက်သေအား ဖုံးကွယ်လို၍ ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

“လူသားချင်းစာနာထောက်ထားရေးကုန်ပစ္စည်းတွေနဲ့အတူ မာရီယူပို့မြို့ဆီ ကျွန်တော်တို့ မဝင်ရောက်နိုင်ရတဲ့ အကြောင်းရင်းက အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကမ္ဘာက သိမြင်သွားမှာကို သူတို့ ကြောက်လန့်နေတာကြောင့်ပဲ”ဟု တူရကီ Haberturk TV သို့ ဇယ်လန်စကီးက ပြောသည်။ 

“အဲဒီမှာ အဖြစ်ဆိုးကြုံနေရတယ်၊ ငရဲတမျှဖြစ်နေပြီလို့ ကျွန်တော် ထင်တယ်၊ ဆယ်ဂဏန်းလောက် မဟုတ်ဘူး၊ ထောင်နဲ့ချီ သတ်ဖြတ်ခံရနိုင်တယ်၊ ထောင်ပေါင်းများစွာ ဒဏ်ရာရနိုင်တယ်”ဟု ဇယ်လန်စကီးက ပြောသည်။ 

သို့ရာတွင် ရုရှနိုင်ငံအနေဖြင့် သက်သေအားလုံးကို ဖုံးကွယ်ရာ၌ အောင်မြင်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။ 

“သူတို့တွေ သက်သေတွေကို ဖုံးကွယ်မထားနိုင်ပါဘူး၊ သေဆုံးရတဲ့ ယူကရိန်းပြည်သူအကုန်လုံးကို သူတို့ မမြှုပ်နှံနိုင်ပါဘူး၊ ထောင်ပေါင်းများစွာ ရှိနေတာမို့ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။ 

ကိယက်ဗ်မြို့ အပြင်ဘက် ဘူချာမြို့နှင့် အနီးနားအရပ်များတွင် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်များကို ရုရှက ဖုံးကွယ်ရန် ကြိုးစားခဲ့ဖူးကြောင်းလည်း ဇယ်လန်စကီးက ပြောသည်။ ဘူချာမြို့နှင့်ပတ်သက်ပြီး ရုရှနိုင်ငံသည် အရပ်သားများကို ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်သည်ဟု ယူကရိန်းတာဝန်ရှိသူများက စွပ်စွဲထားသည်။ 

“သူတို့က မိသားစုတွေကို မီးရှို့တယ်၊ မိသားစုတွေပါ၊ မနေ့ကလည်း ကျွန်တော်တို့ မိသားစုတစ်စု တွေ့ရပြန်တယ်၊ ဖအေရယ်၊ မအေရယ်၊ ကလေးနှစ်ယောက်ရယ်၊ တော်တော်လေး ငယ်သေးတဲ့ ကလေးတွေပေါ့၊ မီးရှို့သတ်ခံထားရတာလေ၊ ဒါကြောင့် သူတို့ကို ကျွန်တော်က နာဇီတွေလို့ ခေါ်ရတာပဲ”ဟု ဇယ်လန်စကီးက ပြောသည်။ 

ရုရှနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်ရှိမည်လားဟု မေးမြန်းသည်ကို “ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ငြိမ်းချမ်းရေး ဆွေးနွေးလာမှာပဲ”ဟု ဇယ်လန်စကီးက ဖြေဆိုသည်။ 

“ငြိမ်းချမ်းရေး ဆွေးနွေးတာ မရှိဘဲ ဒီစစ်ပွဲကို ရပ်နိုင်ဖို့ ခက်ခဲတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ဇယ်လန်စကီးက ပြောသည်။ 

သို့ရာတွင် ရုရှနှင့် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရာ၌ မည်သူတို့နှင့် ဆွေးနွေးနေရသည်ဆိုခြင်းအား သိနားလည်ထားခြင်းကြောင့် ဆွေးနွေးပွဲများ၌ ပါဝင်ရခြင်းသည် ခက်ခဲသည့်အချိန်များပဲ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required