‘စစ်ရာဇဝတ်မှုကြီး’ အဖြစ် ဂျိုး ဘိုင်ဒင်က ရှုတ်ချပြီး ရုရှအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 

‘စစ်ရာဇဝတ်မှုကြီး’ အဖြစ် ဂျိုး ဘိုင်ဒင်က ရှုတ်ချပြီး ရုရှအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 
Photo - AFP

ဧပြီ ၇

ရုရှတပ်များသည် ယူကရိန်း၌ “စစ်ရာဇဝတ်မှုကြီး” ကျူးလွန်သည်ဟု သမ္မတ ဂျိုး ဘိုင်ဒင်က ပြစ်တင်ရှုတ်ချခြင်းနှင့်အတူ အမေရိကန်နိုင်ငံသားများ ရုရှ၌ ရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်ခြင်းအပါအဝင် ရုရှဘဏ်များနှင့် အထက်တန်းလွှာများကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကို  အမေရိကန်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ချမှတ်သည်။  

ယခု ဒဏ်ခတ်ပိတ်ဆို့မှုသည် ရုရှ၏ ဘဏ်လုပ်ငန်း ပိုင်ဆိုင်မှု အားလုံး၏ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားသော Sberbank နှင့် ရုရှနိုင်ငံ၏ စတုတ္ထအကြီးဆုံး ဘဏ္ဍာရေးရာ အဖွဲ့အစည်း Alfabank တို့ကို ချမှတ်ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။ သို့ရာတွင် ယခု နောက်ဆုံးအသုတ် ဒဏ်ခတ်ပိတ်ဆို့မှု၌ စွမ်းအင်လုပ်ငန်းအား ချမှတ်ခြင်း မပါဝင်ကြောင်း ၎င်းတို့က ဆိုသည်။ 

ထိုပြင် ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ အရွယ်ရောက်ပြီးသား သမီးနှစ်ဦး၊ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်၏ ဇနီးနှင့် သမီးဖြစ်သူနှင့် ရုရှ လုံခြုံရေးကောင်စီမှ အကြီးတန်းအဖွဲ့ဝင်များကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

ရုရှထံမှ ပြန်လည်ရရှိခဲ့သည့် ဘူချာမြို့တွင် အရပ်သားများ ပစ်သတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိခြင်းကို ရည်ညွှန်းပြီး “စစ်ရာဇဝတ်မှုကြီး ဖြစ်သွားခဲ့တာပဲ ဖြစ်တယ်”ဟု ဘိုင်ဒင်က အလုပ်သမားခေါင်းဆောင်များအား မိန့်ခွန်းပြောရာတွင် ပြောဆိုခဲ့သည်။  

“တာဝန်သိတဲ့ နိုင်ငံတွေအနေနဲ့ ဒီ ကျူးလွန်သူတွေကို တာဝန်ယူစေအောင် အတူတကွ ဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ဟာ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေနဲ့အတူ ပူတင်ကို စီးပွားရေး ဆုံးရှုံးမှုတွေနဲ့ နာကျင်မှုတွေ ပိုဖြစ်လာအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ဘူချာမြို့မှ ဓာတ်ပုံများတွင် လူသေများ အစုလိုက် မြုပ်နှံထားသည့် မြေပုံတစ်ခုနှင့် အနီးကပ် ပစ်သတ်ခံရသော ရုပ်အလောင်းများတွင် အချို့မှာ လက်ပြန်ကြိုးတုပ်ထားသည်ကို မြင်တွေ့ရပြီးနောက် ရုရှအပေါ် ပို၍ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရန်နှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။ 

ယူကရိန်းတွင် “အထူးစစ်ရေးစစ်ဆင်ရေး”ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ဆောင်ရွက်သည်ဟု ပြောသော ရုရှနိုင်ငံကမူ အရပ်သားများကို ပစ်မှတ်ထားခြင်း မရှိကြောင်း ငြင်းဆန်ပြီး ရုပ်အလောင်း ဓာတ်ပုံများသည် အနောက်အုပ်စု၏ “စက်ဆုပ်ဖွယ်ရာ လိမ်လည်မှု” ပဲ ဖြစ်သည်ဟု ပြောခဲ့သည်။ 

ဗုဒ္ဓဟူးနေ့က ‘အပြည့်အဝ ပိတ်ဆို့သည့် ဒဏ်ခတ်ပိတ်ဆို့မှု” သည် အမေရိကန်ဘဏ္ဍာရေးစနစ်အတွင်း ရှိသော Sberbank နှင့် Alfabank တို့၏ ပိုင်ဆိုင်မှုအာမခံ assets များကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။ 

ဗြိတိန်နိုင်ငံသည်လည်း Sberbank ၏ ပိုင်ဆိုင်မှု အာမခံများကို ထိန်းချုပ်ထားပြီး “ပူတင်၏ စစ်ရေး” ကို ချည့်နဲ့စေရန် မဟာမိတ်တို့၏ အားထုတ်မှု၌ ပူးပေါင်းပါဝင်ခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် ယခုနှစ်မကုန်မီ ရုရှကျောက်မီးသွေး တင်သွင်းမှုကို တားမြစ်မည်ဖြစ်ကြောင်း ပြောသည်။ 

Sberbank နှင့် Alfabank တို့ကမူ ယခု ဒဏ်ခတ်ပိတ်ဆို့မှုသစ်များက ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို သိသာသော သက်ရောက်မှု ရှိမည်မဟုတ်ဟု ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly